Skip to main content

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၉) တို့၏ သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၆) နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၉) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ သူရဦးဘိုနီနှင့်တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် ကြုံတွေ့ရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ မိမိတို့နိုင်ငံ၊ မိမိတို့အဖွဲ့အစည်း၏ ရည်မှန်းချက်ကို ပျက်ပြားစေမည့် အတားအဆီး၊ ဆူးငြောင့်ခလုတ်များကို စဉ်းစားဆင်ခြင်သုံးသပ်ပြီး အမှန်နှင့်အမှား အကောင်းနှင့်အဆိုး မှန်ကန်စွာခွဲခြားစိစစ်ကာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နိုင်စေရန် လမ်းပြကြရမည်ဖြစ်ပါကြောင်း။

မိမိကိုယ်ကို လေ့လာဆန်းစစ်ပြီး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေး တိုးတက်မြင့်မား အောင်ကြိုးပမ်းရင်း တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းဆောင်တာများကို တိကျမြန်ဆန်သွက်လက်စွာ ဆောင်ရွက်ကြရန်နှင့် မိမိဌာနအဖွဲ့အစည်း၏ လုပ်ငန်းများကို ခေတ်မီဆန်းသစ်ပြီး ဖန်တီးနိုင်မှု စွမ်းအားများနှင့် ပေါင်းစပ်လုပ်ကိုင်ကြရန် တိုက်တွန်း မှာကြားသည်။

အဆိုပါ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်းအမှတ်စဉ် (၁၆) သို့ သင်တန်းသား ၁၄ ဦး၊ သင်တန်းသူ ၈ ဦး၊ စုစုပေါင်း ၂၂ ဦးနှင့် အဆင့်မြင့် အရာထမ်း သင်တန်းအမှတ်စဉ် ၁၉ သို့ သင်တန်း သား ၂၈ ဦး၊ သင်တန်းသူ ၁၇ ဦး၊ စုစုပေါင်း ၄၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိဖြစ်ကြောင်း သိရသည်။

သတင်းစဉ်