Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara - Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအထင်ကရနေရာများသို့ သွားရောက်လေ့လာကြရာ ဦးစွာ နေပြည်တော်အမျိုးသားပြတိုက်သို့ရောက်ရှိပြီး နေပြည်တော်အမျိုးသားပြတိုက် Mini Thratre ၌ တာဝန်ရှိသူများက ပြတိုက်သမိုင်းကြောင်းကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသပြီး သမိုင်းမတင်မီ ခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဦးပြခန်း၊ လက်ဆောင်ပစ္စည်းများပြခန်း၊ သီဟာသနပလ္လင်ပြခန်းနှင့် နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းတို့ကို လေ့လာကြည့်ရှုကြသည်။

လေ့လာကြည့်ရှု

ယင်းနောက် ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်လေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ကျောက်စိမ်းတစ်တုံးတည်းမှ ထွင်းထုထားသော ဥပ္ပါတသန္တိပုံစံတူကျောက်စိမ်းစေတီတော်၊ မြန်မာ့အကြီးဆုံး ပုလဲရတနာ၊ အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ၊ ရှားပါးမြန်မာ့တွင်းထွက်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာများကို လိုက်လံရှင်းလင်းပြသကြပြီး ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ ပြခန်းအောက်ထပ်ရှိ ကျောက်မျက်ရတနာအရောင်းဆိုင်များကို လေ့လာကြည့်ရှုကြသည်။

ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသ

ညပိုင်းတွင် ဧည့်သည်တော်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြရာ တာဝန်ရှိသူများက မော်ကွန်းတိုက်၌ မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်းရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု၊ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေများနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများကို ဗီဒီယိုမှတ်တမ်းဖြင့် ရှင်းလင်းပြသသည်။

စိတ်ဝင်တစား လေ့လာဖူးမြော်ကြည်ညို

ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွင်းခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသော အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးနှင့် အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်များပေါ်၌ ခေတ်မီကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ထွင်းထုတည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်များကို စိတ်ဝင်တစား လေ့လာဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်