Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေးပြီး အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားအစီအစဉ်အလိုက် အကြိုပြင်ဆင် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂

ယနေ့တွင် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ပြိုင်ပွဲများကို သက်ဆိုင်ရာအားကစားရုံနှင့် အားကစားကွင်းများ၌ စတင်ယှဉ်ပြိုင်လျက်ရှိရာ ဝန်ကြီးဌာနအဆင့် အလွတ်တန်းဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် U -21 အမျိုးသားဘောလုံးပြိုင်ပွဲကို လေ့ကျင့်ရေးကွင်းအမှတ် (၃) ၊ (၄) တို့တွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ကွင်းတို့တွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဖူဆယ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌လည်းကောင်း အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ပျဉ်းမနားမြို့နယ်ရှိ ပြည်သူ့ပေါင်းလောင်းအားကစားကွင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

လာရောက်အားပေးကြည့်ရှု

အဆိုပါပြိုင်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အမြဲတမ်းအတွင်းဝန် ဦးဝင်း​ကျော်​​အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်များ လာရောက်အားပေးကြည့်ရှုကြသည်။

ယနေ့သည် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ထောက်ပံ့ငွေများပေးအပ်

ပြိုင်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ကြီးဌာနကိုယ်စားပြုအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများအား ရင်းရင်းနှီးနှီးအားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက ခေတ် (၆) ခေတ် ယိမ်းအကဖြင့် လေ့ကျင့်နေမှု၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင် အစည်းအရုံးတို့မှ ဖျော်ဖြေရေးအဖွဲ့များက သက်ဆိုင်ရာဖျော်ဖြေရေး အစီအစဉ်များအလိုက် လေ့ကျင့်ဆောင်ရွက်နေမှု၊ Light-ing System ၊ LED ၊ အသံစနစ်နှင့် မီးစနစ်များ ကြိုတင်စမ်းသပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်