Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင် ဘော်လီဘော၊ ဖူဆယ်နှင့် ဘောလုံးပြိုင်ပွဲများ အကြိတ်အနယ် ယှဉ်ပြိုင်ကစား

နေပြည်တော် ဒီဇင်ဘာ ၂

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ အုပ်စုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ယှဉ်ပြိုင်ကစားကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အမျိုးသမီးဘော်လီဘော ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က တစ်ဖက်ငါးဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့က တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို လေးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို လေးဂိုး-နှစ်ဂိုး ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကယားပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အလားတူ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)/(၄) တို့တွင် ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းတွင် ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့တွင် ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို လေးဂိုး - ဂိုးမရှိဖြင့် လည်းကောင်း၊ ကယားပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

အလားတူ ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲများကို ပေါင်းလောင်းအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို လေးဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ကျင်းပခြင်းသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆) နည်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားနည်း (၄) နည်းတို့ ထည့်သွင်းကျင်းပလျက်ရှိရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်