နေပြည်တော် ဒီဇင်ဘာ ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၁၆ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၂၈၇၇၃၇၉)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Giga Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၂၂၀၇၃၇၉ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အိမ်မဲမြို့ မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ဆိုင်ကယ်နှစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြိတ်မြို့ ကလွင်ကျေးရွာ၌ တရားမဝင် ဒီရေတောမျော သစ်လုံး ၂၃၀၀ (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၆၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီး ရတနာဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၇၃၇၃၆၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀၀)ကိုလည်းကောင်း၊ သာကေတဆိပ်ကမ်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ ဆိုက်ကပ်လာသော ရေယာဉ်တစ်စင်းပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၇၈၉၂၆၂၈)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၆၆၂၉၉၉၂ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နေပြည်တော်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီး၌ လိုင်စင်မဲ့ Honda Insight ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၀၀၀၀၀၀) ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် တောင်စဉ်အေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Daihatsu Hijet ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀)ကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ်၌ လိုင်စင်မဲ့ Loujia ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၁၈၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်တွင် စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Ipsum ယာဉ်တစ်စီးနှင့် Toyota Crown ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၅၀၀၀၀၀) ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ် ပဂိုးကုန်းကျေးရွာအနီး၌ လိုင်စင်မဲ့ Toyota Kluger ယာဉ်တစ်စီးနှင့် Nissan X-Trail ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ အရာတော်မြို့ ကွက်သစ်ရပ်ကွက် မြို့လယ်ကျောက်တိုင်အနီး၌ လိုင်စင်မဲ့ CZI 125 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်၌ လိုင်စင်မဲ့ Mitsubishi Minicab ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၉၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၉ ရက်တွင် တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ် ၄ ဒသမ ၇၁၈ တန်၊ အခြားသစ် သုညဒသမ ၉၅၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၅၇၆၃၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် ပဲခူးခရိုင် ပဲခူးမြို့နယ်၌ လိုင်စင်မဲ့ယာဉ် ၁၄ စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၀၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၂၅၇၆၃၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၈ မှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၇၃၀၅၀၀၁)ကို သိမ်းဆည်းရမိသည်။ ယနေ့သိမ်းဆည်းရမိမှုများတွင် လူသုံးကုန်ပစ္စည်းများ ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန်အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်၍ ၎င်းတရားမဝင်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်