ကတ္တမန္ဒူး(နီပေါ) ဒီဇင်ဘာ ၁
နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်လာသည့် နိုင်ငံတော်သြဝါဒါစရိယရွှေကျင်နိကာယ သာသနာပိုင်အဘိဓဇမဟာရဋ္ဌဂုရု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသီတဂူဆရာတော်ကြီးသည် လုမ္ဗိနီတွင် သီတင်းသုံးနေစဉ် ကာလအတွင်း နိုဝင်ဘာ ၃၀ ရက်က လုမ္ဗိနီဥယျာဉ်အတွင်းရှိ မယ်တော်မာယာကျောင်းဝင်းအတွင်းသို့ သွားရောက်သည်။
ထို့နောက် မြန်မာအစိုးရနှင့် စေတနာရှင်ပြည်သူများ လှူဒါန်းတည်ထားကိုးကွယ်သည့် မြန်မာရွှေကျောင်းတော်သို့သွားရောက်ပြီး မြန်မာရွှေကျောင်းပရိဝုဏ်အတွင်း ရွှေတိဂုံစေတီတော်ပုံတူတည်ထားကိုးကွယ်သည့် လောကမဏိစူဠာစေတီတော်ကို သွားရောက်ဖူးမြော်ကာ စေတီတော်ဝင်းအတွင်း ဆရာတော်ကြီးနှင့် ဒါယကာ၊ ဒါယိကာမများက လှူဒါန်းတည်ဆောက်ထားသည့် အာသောကကျောက်စာတိုင်များ ချို့ယွင်းနေမှုများအပေါ် ပြင်ဆင်ရန်ကိစ္စရပ်များနှင့် စေတီတော်ကြီးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်ရှိသည်များ၊ မြန်မာရွှေကျောင်းတော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ အရှည်တည်တံ့ရေးနှင့် ဘုရားဖူးလာပြည်သူများ အဆင်ပြေစွာတည်းခိုနိုင်ရေးကိစ္စရပ်များ စီစဉ်ထားရှိမှုများနှင့် ပတ်သက်၍ တင်ပြမှုများအပေါ် လိုအပ်သည်များ မိန့်ကြားသည်။
လောကမဏိစူဠာစေတီတော်သည် ၁၉၉၅ ခုနှစ် မေလတွင် နီပေါနိုင်ငံလုမ္ဗိနီဥယျာဉ်၌ မြန်မာနိုင်ငံ၏ ပထမဆုံးသာသနိကအဆောက်အဦအလှူအဖြစ် မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ လှူဒါန်းမှုဖြင့် စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော်ပုံတူ၊ ဉာဏ်တော် ၇၂ ပေရှိသည့် စေတီတော်ဖြစ်သည်။
သီတဂူဆရာတော်ကြီးသည် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် Thousands of Buddha Temple ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဖိတ်မှုအရ သွားရောက်ရာ Thousands of Buddha Temple ကျောင်းထိုင် ဆရာတော်၊ ရဟန်းသံဃာများနှင့် သီလရှင်များ၊ ဒါယကာ၊ ဒါယိကာမများက ကြိုဆိုကြပြီး သီတဂူဆရာတော်ကြီးက ဓမ္မမိတ်ဆွေများအား ဝိပဿနာတရားတော်များ ဟောကြားသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးသည် Lumbini Buddhist University ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (International Seminar on Exploring Gautam Buddha’s Teachings on Peacekeeping and Sustainable Development) သို့ တက်ရောက်ပြီး ငြိမ်းချမ်းရေး၏ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးသည် တစ်ကမ္ဘာလုံးအတွက်အရေးကြီးသလို လူတစ်ဦးချင်းစီအတွက်ကလည်း ပိုမိုအရေးပါကြောင်း မိန့်ကြားခဲ့သည်။
ဒီဇင်ဘာ ၁ ရက်တွင် ဆရာတော်ကြီးနှင့် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ရရှိသူ သီလရှင်ဆရာကြီးဒေါ်ဓမ္မဝတီ (ခေါ်) သမီးချစ်တို့အား
မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများက သီတဂူ Dharma Kirti Vihar ကျောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လိုက်ပါပို့ဆောင်ခဲ့ကြသည်။
သီတဂူဆရာတော်ကြီးသည် ကတ္တမန္ဒူးမြို့ရှိ World Peace Temple ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်များအတွက် သင်္ကန်းအစုံ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်