Skip to main content

၂ဝ၂၄ ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခုနှစ် နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မိတ်ဆုံစားပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁

၂၀၂၄ ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်မိတ်ဆုံစားပွဲကို နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ခရိုင်အားကစားကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မိတ်ဆုံစားပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက မွန်းတိုင်းဟန်လီ (ရှမ်းပြည်နယ်အလှ)၊ ခေးဆေလိုင်း (ရှမ်းရိုးရာ) သီချင်းဖြင့် အဖွင့်သီချင်းသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ရှမ်းနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ နာယကတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မိတ်ဆုံစားပွဲအတွက် အလှူငွေများ အသီးသီးပေးအပ်ပြီး တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ရှမ်းတိုင်းရင်းသားများ၏ ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူး ပွဲတော်အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲနှင့် အကပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များက အဆို၊ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။