Skip to main content

တိုင်းပြည်အတွက် ခေတ်အဆက်ဆက်မှ အသက်ပေးလှူသွားသော သူရဲကောင်းစစ်သည်များအတွက် (၁၁) ကြိမ်မြောက် အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်း အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၁

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားခဲ့သည့် ခေတ်အဆက်ဆက်မှ သူရဲကောင်းစစ်သည်များအား အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို (၁၁) ကြိမ်မြောက်အဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။

အဆိုပါဂါရဝပြုဆုတောင်းပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ၊ ရောင်နီဦးနှင့် မိတ်ဆွေများပရဟိတအသင်း၊ ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းနှင့် တပ်မတော်ကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ အောက်မေ့ဖွယ်ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို တက်ရောက်လာကြသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် တိုင်းပြည်အတွက် အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၂ မိနစ်ငြိမ်သက်ခြင်း၊ သူရဲကောင်းစစ်သည်များ မြင့်မြတ်သော ကောင်းမွန်ရာဘုံဘဝရောက်ရှိစေရန် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ထာဝရငြိမ်းချမ်းရေးရရှိစေရန်ရည်မှန်း၍ အထိမ်းအမှတ် ချိုးဖြူငှက်များ လွှတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက တိုင်းပြည်အတွက် အသက်ပေးလှူသွားသောသူရဲကောင်းစစ်သည်များအတွက် ဂုဏ်ပြုပန်းခြင်းများဖြင့် ဂါရဝပြုခြင်းကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း သူရဲကောင်းစစ်သည်များအား ရည်စူး၍ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ပေါက်တောကျေးရွာ၊ သဒ္ဓါရုံကျောင်းတိုက်၌ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။