နေပြည်တော် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်ရှိ နွားဘန်းကြီးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ ၆ ဦးကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရွာငံမြို့နယ်အတွင်း သောင်းကျန်းသူများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းများမရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ အခြေအမြစ်မရှိသည့် သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။