နေပြည်တော် နိုဝင်ဘာ ၂၆
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇) မှ နိုင်ငံ့သားကောင်း လူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ရန် သင်တန်း တက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါသည် -
အရပ်သားဘဝကနေ စစ်သားဘဝကို ကူးပြောင်းရခြင်းကြောင့် အခက်အခဲတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကြိုးစားပြီး သင်ယူသွားမှာပါ။ စစ်ပညာသင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ လူငယ်ဖြစ်တဲ့အတွက် အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ်လိုချင်တဲ့အတွက် ဒီသင်တန်းကို လာရောက်တက်ရောက်ရခြင်းဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကာကွယ်ရတာ ဂုဏ်ယူရတဲ့ကိစ္စတစ်ရပ်ပါ။ ကျွန်တော်က အကြမ်းဖက်မှုတွေကို မလိုလားပါဘူး။ ဒါကြောင့် အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ဒီသင်တန်းကို ကြိုးစားသင်ယူသွားမှာပါ။
အရင်ပတ်စဉ်တွေကတည်းက တက်ချင်နေတာပါ။ ဒါပေမယ့် အခုဒီအပတ်စဉ်ကျမှ ကျွန်တော်တက်ခွင့်ရပါတယ်။ တက်ခွင့်ရတော့လည်း အဆင်ပြေပြေပါပဲ။ အဲဒီအတွက်ကို နောက်တက်မယ့် ညီအစ်ကိုတွေအနေနဲ့လည်း ဘာမှအလွန်ကြီး စိတ်ပူမနေပါနဲ့ ကောလာဟလတွေကိုလည်း စိတ်ထဲမှာထားပြီးတော့မှ ယုံနေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်တို့က နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ လုပ်ရမယ့်အရာကို လုပ်ကိုလုပ်ရမှာပါ။ မြန်မာနိုင်ငံတော်အတွက် အထောက်အကူဖြစ်စေမယ့် နိုင်ငံသားကောင်းတစ်ယောက်အဖြစ်နဲ့ ကျွန်တော် အကောင်းဆုံးထမ်းဆောင်သွားမှာပါလို့ ကျွန်တော်စဉ်းစားထားပါတယ်။
ကျွန်တော် မြန်မာနိုင်ငံသားတစ်ယောက်ပါ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီနိုင်ငံတော်အပေါ်ကို တာဝန်ကျေပွန်ချင်လို့ ဒီပြည်သူ့စစ်မှုထမ်းကို လာရောက်တက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
သတင်းစဉ်