တွေ့ဆုံမေးမြန်း ညိုမောင်
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့တို့က ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမန်စာမူဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုစာပေဆုရှင်များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက် (၁၃၈၆ ခုနှစ် နတ်တော်လဆန်း၁ ရက်) စာဆိုတော်နေ့တွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ စာပေဆုရှင်များ၏ ရင်တွင်းစကားသံအချို့ကို စုစည်းဖော်ပြလိုက်ရပါသည်-
ကနောင်နိုင်နွယ်ဦး
စာပေဗိမာန်စာမူဆု
(ကလေးစာပေ)ပထမ
ဦးဇင်းရဲ့ ကလောင်အမည်ကတော့ ကနောင်နိုင်နွယ်ဦး ဖြစ်ပါတယ်။ “လမင်းမျက်နှာ ပန်းမျက်နှာ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု ကလေးစာပေ(ကဗျာ) ပထမဆုကို ရရှိခဲ့ပါတယ်။
ယနေ့လူငယ် နောင်ဝယ်ခေါင်းဆောင်လို့ ပြောချင်တဲ့စကားတွေကို ကလေးကဗျာပုံစံနဲ့ ရေးဖွဲ့ပြထားပါတယ်။ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ဆိုတဲ့အတိုင်း ကလေးကဗျာပုံစံအသစ်၊ ကလေးကဗျာ ကာရန်ယူပုံအသစ်တွေကို ကြိုးစားတီထွင်ရေးဖွဲ့ထားပါတယ်။ သင့်လျော်ရာကဗျာတွေကို ကလေးငယ်တွေ ရွတ်ဖတ်သီဆိုနိုင်ဖို့ ပညာရေးဝန်ကြီးဌာန (မူကြို၊ မူ၊ လယ်)ကျောင်းတွေမှာ သင်ကြားပေးစေလိုကြောင်း မေတ္တာရပ်ခံလိုပါတယ်။
အခုလိုပြောပြခွင့်ရတဲ့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ကဗျာလှနုတွေးထူးမြင်ရင်း ဂါရဝပြု ကျေးဇူးတင်ပါကြောင်း။
ခက်လှိုင်းကျော်
စာပေဗိမာန်စာမူဆု
(ကဗျာပေါင်းချုပ်) ပထမ
ကျွန်တော်က မြန်မာဂန္ထဝင်ကဗျာကို ခြောက်တန်း ကျောင်းသားဘဝကတည်းက စွဲလမ်းလာခဲ့တာပါ။
“လွမ်းသလေ မန်းမြေတမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
ဖျန်းလေက တသုန်သုန်”
ဆိုတဲ့ ကျောင်းသင်ရိုးပါ ကဗျာလေးကို ခဏခဏရွတ်ဆိုနေခဲ့မိပါတယ်။ ၁၀ တန်းမှာ မြန်မာစာဆရာက အဖြည့်ခံရတုနှစ်ပိုဒ်ချပေးပြီး တစ်ပိုဒ်ဖြည့်ရေးခိုင်းရာမှာ ကျွန်တော်တစ်ယောက်တည်းသာ ဖြည့်ရေးပေးနိုင်လို့ မြန်မာစာဆရာ ဆရာဦးသိန်းက ပိုင်းလော့တံဆိပ် မင်ဖောင်တိန် ဆုချပေးအပ်ခဲ့တာ လည်း နှစ် ၆၀ ကြာက ကျောင်းသားဘဝကို မမေ့နိုင်သေးပါဘူး။ အခုကဗျာဆုရတော့ သင်ကြား ပေးခဲ့၊ အထုံပါရမီမျိုးစေ့ချပေးခဲ့တဲ့ ဆရာတွေအားလုံးကို ရည်မှန်းဦးချကန်တော့မိပါတယ်။ စာပေဆုငါးကြိမ်ရခဲ့ပြီးပါပြီ။ ဆက်လက်ပြီးရေးနေဦးမှာပါ။ အသက် ၈၀ ထဲရောက်ပါပြီ။ ဝါသနာ နောက်မှာ စေတနာ၊ ဆန္ဒရှိနေဆဲပါ။ အခြားလူငယ်ကဗျာဆရာ၊ စာရေးဆရာတွေက ပိုပြီးရုန်းကြ၊ ကျုံးကြစေချင်ပါတယ်။ လူငယ်ခြေတက်ကလေးတွေကို ကြိုဆိုပါတယ်။
အထူးသဖြင့် ပြောလိုပါတယ်။ ဆုရွေးချယ်ပေးအပ်ကြတဲ့ စာပေပညာရှင် အကဲဖြတ်လူကြီးတွေ၊ အားပေးဂုဏ်ပြုကြတဲ့ စာပေမိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်။ မြန်မာစာပေရေစီးအရှိန် အဟုန်ကြီးပါစေ။
မောင်ချိုဝေ
စာပေဗိမာန်စာမူဆု
(ကဗျာပေါင်းချုပ်)တတိယ
စာပေဗိမာန်စာမူဆုဆိုတာ ကျွန်တော်တို့စာရေးဆရာတွေရဲ့ မှတ်ကျောက်ဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ ကဗျာရေးဖို့ကမွေးရာပါ ဝါသနာတစ်ခုပါ။ ကဗျာလေးတွေဟာ အနုပညာ ပစ္စည်းလေးတွေ ဖြစ်ပါတယ်။ ဒီအနုပညာပစ္စည်း လေးတွေရဖို့ ကျွန်တော်တို့ ဦးနှောက်ရော နှလုံးသား ရော စိုက်ထုတ်ဖန်တီးရပါတယ်။ ရလာတဲ့အနုရသ ပစ္စည်းလေးတွေကို တန်ဖိုးအဆုံးအဖြတ်ပေးမယ့် ပညာရှင်တွေလက်ထဲကိုအပ်ပြီး အဆုံးအဖြတ် ခံယူရတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူပြိုင်ပွဲ (ကဗျာ ပေါင်းချုပ်ဆု) တတိယရပါတယ်။ ကျွန်တော့်ထက် အနုပညာဖန်တီးအားကောင်းတဲ့ ဆရာကြီးတွေရှိပါတယ်။ ကျွန်တော့်ကဗျာလေးတွေကို မြန်မာစာပေ လောကအတွက် စာအုပ်တစ်အုပ်ထုတ်ပြီး ထားရစ်ခဲ့မယ်လို့ ဆုံးဖြတ်မိပါတယ်။ မကြာခင်မှာ ကဗျာချစ်သူတွေလက်ထဲကို ကျွန်တော့်ကဗျာ စာအုပ်ထည့်ပေးပါမယ်။ ယာထဲကကြေးစည်သံ မည်မျှသာသနည်း၊ မည်မျှမေတ္တာပမာဏကြီး သနည်းသိနိုင်ကြမယ့်အကြောင်း အသိပေးရင်း ကြေးမုံသတင်းစာ စာတည်းအဖွဲ့ကို ကျေးဇူးတင်ပါ ကြောင်းလည်း စကားလက်ဆောင်ပါးလိုပါတယ်။
သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)
စာပေဗိမာန်စာမူဆု
(မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ) တတိယ
ကျွန်မကတော့ သျှင်မိုးခင်(ယဉ်ကျေးမှု တက္ကသိုလ်) ဖြစ်ပါတယ်။ “ပျိုလေးကြိုလှည့်ပါ” စာမူနဲ့ ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု (မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ) တတိယဆု ရရှိခဲ့ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေရှိပါတယ်။ အဲဒီကိုးကွယ် ယုံကြည်မှုနဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေထဲမှာ နတ်ကိုးကွယ်ယုံကြည်မှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နတ်ကိုးကွယ်ယုံကြည်ပြီး ပူဇော်ပသမှုတွေကို အနုပညာရှင်တွေက တေးသီချင်းအနေနဲ့ရော ကကြိုးကကွက်တွေဖန်တီးကာ ယိမ်းအကအနေနဲ့ပါ ဝေဝေဆာဆာ မြိုင်မြိုင်ဆိုင်ဆိုင် ဖန်တီးကပြခဲ့ကြပါတယ်။
ဇာတ်သဘင်ပညာရှင်တိုင်း၊ အကဝါသနာရှင်တိုင်း “နတ်ကတော်အက၊ အပျိုတော်အက” လို့ ပြောလိုက်တာနဲ့ သိကြပါတယ်။ ဒါပေမဲ့ “နတ်ကတော် အက” နဲ့ “အပျိုတော်အက” ကို ကွဲကွဲပြားပြားသိရှိသူ နည်းပါးပါတယ်။ ဒီစာအုပ်ကို “နတ်ကတော်အက” နဲ့ အပျိုတော်အက” ကွဲလွဲခြားနားချက်တွေ ကို သိရှိစေဖို့၊ ကျွန်မတို့အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်၊ မန္တလေး) ကျောင်းသား ကျောင်းသူတွေနဲ့ သုတေသနပြုလိုသူတွေအတွက် မှီငြမ်းကိုးကားစရာစာအုပ်အဖြစ် အထောက်အကူဖြစ်စေလိုတဲ့အတွက် ရေးသားပြုစုခြင်းဖြစ်ပါတယ်။
ဇာတ်သဘင်ပညာရှင်တွေဟာ စာအုပ်စာပေနဲ့ ကင်းကွာလို့မရပါဘူး။ အလွန်ကျယ်ပြန့်ပြီး လေ့လာလို့မကုန်တဲ့ ကျွန်မတို့ဇာတ်သဘင်ပညာရပ်တွေကို နောင်လာနောက်သားတွေ လေ့လာသိရှိကြစေဖို့ စာအုပ်စာပေတွေအဖြစ် ရေးသားကြရမှာဖြစ်ပါတယ်။ စာရေးဆရာမကြီး လူထုဒေါ်အမာကြောင့် ဇာတ်သဘင်အကြောင်း၊ ဇာတ်မင်းသားကြီးတွေအကြောင်း သိရှိခွင့်ရသလို ကျွန်မရေးသား ပြုစုခဲ့တဲ့ “ပျိုလေးကြိုလှည့်ပါ” စာအုပ်လေးကြောင့် “နတ်ကတော်အက” အကြောင်း သိရှိသွားကြရင် ကျွန်မရေးသားပြုစုရကျိုးနပ်ပါပြီ။ ဒီစာမူလေးကို ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေဆု) တတိယဆုအဖြစ် ရွေးချယ်ပေးခဲ့ကြတဲ့ စာပေဗိမာန်စာမူစိစစ်ရေးအဖွဲ့ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်မရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းကိုလည်း ဂါရဝပြုကျေးဇူးတင်ပါတယ်။ မြန်မာပြည်သူပြည်သားများ ကိုယ်၊ စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ။
နေစိုးသော်
စာပေဗိမာန်စာမူဆု
(ပြဇာတ်စာပေ) ဒုတိယ
ကျွန်တော်ကနေစိုးသော်ပါ။ ၂၀၂၃ ခုနှစ် စာပေ ဗိမာန်စာမူဆု(ပြဇာတ်စာပေ) ဒုတိယဆုရရှိပါတယ်။
ကျွန်တော်တို့ စာပေလောကမှာပြဇာတ်ဟာ မှေးမှိန်နေပါတယ်။ ဝတ္ထုတို၊ ဝတ္ထုရှည်တို့လို စာပေ ပရိသတ်ရဲ့ စိတ်ဝင်စားမှုမရပါဘူး။ ကျွန်တော်က စာပေမှာရော ရုပ်ရှင်မှာပါကျင်လည်နေသူဖြစ်ပြီး ဇာတ်ညွှန်းတွေများစွာ ရေးနေသူဖြစ်ပါတယ်။ ဇာတ်ညွှန်းသမားတစ်ယောက်အနေနဲ့ ပြဇာတ် စာပေကို ပိုမိုမြင့်မား ထွန်းတောက်လာစေချင်တဲ့ ဆန္ဒနဲ့ ပြဇာတ်ရေးပြီး စာမူပြိုင်ပွဲဝင်ဖြစ်တာပါ။
ဆုရပြဇာတ်စာမူအမည်က “ချစ်ပန်းမှုံ” ပါ။ ကျွန်တော်တို့လူအများစုဟာ အစဉ်အလာရှေးရိုးစွဲ အယူအဆတွေနဲ့ လက်ခံယုံကြည်လာတာတွေကို ယထာဘူတကျကျ၊ ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်တွေးဆပြီးမှ လက်ခံယုံကြည်ကြစေချင်တဲ့ ရည်ရွယ်ချက်၊ အမုန်းတရားကို မေတ္တာတရားက အောင်နိုင် တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ရေးခဲ့တာဖြစ်ပါတယ်။ ပြဇာတ်စာပေတိုးတက်ရေးအတွက် အကျိုးပြုခွင့်ရတဲ့အတွက် များစွာပီတိဖြစ်မိပါတယ်။ စာပေတာဝန်ကို အုတ်တစ်ချပ်သဲတစ်ပွင့် ထမ်းဆောင်ခြင်းလို့လည်းခံယူပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့နဲ့ စာပေဗိမာန်စာမူဆု ရွေးချယ်ချီးမြှင့်ခြင်းအတွက် အထူးကျေးဇူးတင်ပါတယ်။