နေပြည်တော် နိုဝင်ဘာ ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် လူငယ်အားကစားလေ့ကျင့်ရေးကွင်း(မန္တလေး)သို့ သွားရောက်ပြီး ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်းနှင့်ဘောလုံးအသင်းတို့မှ အားကစားသမား များအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း၊ စခန်းသွင်းလေ့ကျင့်နေသည့်ကာလတွင် ဝီရိယရှေ့ထား၍ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ကြိုးစားလေ့ကျင့်သွားရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများကို ထောက်ပံ့ပစ္စည်းများပေးအပ်ကာ ခြေစမ်းပွဲယှဉ်ပြိုင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကြသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော်တွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဖူဆယ်၊ ပြေးခုန်ပစ်နှင့် ဂေါက်သီးရိုက်စသည့် အားကစားနည်းခြောက်မျိုး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သတင်းစဉ်