Skip to main content

မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးနှင့် ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တို့ကို စနစ်တကျ ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏဝရဒါဌာဓာတု စေတိယစွယ်တော်မြတ်စေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံအလှူငွေများ ပေးအပ်သည်။

ထိုသို့ သွားရောက်ဖူးမြော်စဉ် ပြည်ထောင်စုဝန်ကြီးသည် စွယ်တော်မြတ်စေတီတော် ပရိဝုဏ်သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး ဂေါပကအဖွဲ့ဝင်များကို လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ သွားရောက်၍ မဟာနာယကချုပ်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အရှင်သူမြတ်အား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံသင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကာ သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံခါးပေါက်နှင့် မြို့ရိုးများကြံ့ခိုင်မှုရှိစေရန် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေမှု၊ ပြာသာဒ်ကြီး၊ ပြာသာဒ်ငယ်အဆောင်များ ပြုပြင်ထိန်းသိမ်းနေမှု၊ နန်းမြို့ရိုးတောင်ဘက်နှင့် အနောက်ဘက်များတွင် ဆွေးမြည့်နေသည့် အုတ်များပြုပြင်ဆောင်ရွက်နေမှု၊ စည်ရှည်တံတားအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးနှင့် ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တို့ကို စနစ်တကျရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာဇရပ်များအပါအဝင် သာသနိကအဆောက် အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှု၊ ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာဇရပ်တန်းကို ပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့က အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေအတွင်းရှိ မဟာဇေယျပထတံတား (ခ) ဦးအိုအုတ်လမ်း၏ ကြွင်းကျန်နေသောပေ ၂၆၀၀ ကျော်၏ လက်ရှိပျက်စီးနေမှုကို ပြန်လည်ပြုပြင်ရမည့်အခြေအနေနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် လမ်းများပြုပြင်ရမည့် အခြေအနေကိုလည်းကောင်း၊ အင်းဝမြို့ဟောင်း စည်တိုပုံမြို့ရိုး မြို့တည်နန်းတည် သတိုးမင်းဖျားမင်းရုပ်တုကို လည်းကောင်း၊ မဟာအောင်မြေဘုံစံ အုတ်ကျောင်း(ခ) မယ်နုအုတ်ကျောင်းအား မြေဝါသုတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အင်းဝယဉ်ကျေးမှုဇုန်အတွင်း ခရီးသွားများအဆင်ပြေစွာ လေ့လာကြည့်ရှုနိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အစီအစဉ်များရေးဆွဲဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်