Skip to main content

မော်လမြိုင်ကျွန်း၊ အောင်လံမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့တွင် စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာလ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် လူငယ် (၂၀) နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ အလားတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ပေါ်တွင် နိုဝင်ဘာ ၂၀ ရက်က ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် လူငယ်အမျိုးသား၊ အမျိုးသမီး ၇၀ ဦးခန့်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါမြို့နယ်များအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့်အကြောင်းနှင့်မျှ ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများသို့ တက်ရောက်ရန်အတွက် မိမိဆန္ဒအလျောက်လာရောက်ဆန္ဒပြုသူများ အများအပြားရှိပြီး လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပြီးသော နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းစစ်သည်များသည်လည်း တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် အမျိုးသမီးစစ်မှုထမ်းများကို ခေါ်ဆောင်ခြင်းမရှိသေးကြောင်း၊ လူငယ်များ၊ လမ်းသွားလမ်းလာများကိုလည်း ပေါ်တာဆွဲဖမ်းဆီးခြင်းများမရှိကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အထက်ပါသတင်းများသည် ပြည်သူများစိုးရိမ်ပူပန်မှုမြင့်တက်စေရန်နှင့် လူငယ်များ လမ်းမှားရောက်စေရန် ရည်ရွယ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ဝါဒဖြန့်ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။