Skip to main content

အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၁၀၂ သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတို့တွင် ဖွင့်လှစ်သည့် အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၁၀၂ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက သင်တန်းတွင် အစိုးရဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်ပြီး လုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်သည်များကို  သင်ကြားပို့ချပေးခဲ့သဖြင့် ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် ဝန်ထမ်းဆိုင်ရာများကို ပိုမိုသိရှိနားလည်စေခြင်း၊ ပြည်သူ့ဘဏ္ဍာငွေကြေးကိုင်တွယ်သုံးစွဲစီမံရာတွင် စနစ်တကျ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်တတ်စေခြင်း၊ စာရင်းပြုစုနည်းလမ်းများကို တိကျမှန်ကန်စွာဖြင့် အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းသားများအနေဖြင့် လေ့လာသင်ယူခဲ့မှုများကို စဉ်ဆက်မပြတ် ကိုယ်တိုင် (Self-Study) ဆက်လက်ဆည်းပူးသွားကြရန် မှာကြားသည်။

သင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဝန်ကြီးဌာနများမှ ဝန်ထမ်းစုစုပေါင်း ၃၂၃ ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတွင် ဌာနဆိုင်ရာဝန်ထမ်း ၁၄၄ ဦး စုစုပေါင်း ၄၆၇ ဦး တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ သစ်တောဦးစီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ သင်တန်းသားများက Online ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်