Skip to main content

(၂၁) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဗီယက်နမ် နိုဝင်ဘာ ၂၀

(၂၁) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အရာရှိကြီးများအစည်းအဝေး (21st SOMRI) နှင့် ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ် Ha Long City ၌ ကျင်းပလျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။

ယမန်နေ့နံနက်ပိုင်းက ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးမှုနှင့် Virtual Assistant နှင့် စပ်လျဉ်းသည့် ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲကို Vin-pearl Resort & Spa Ha Long ၌ ကျင်းပရာ ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Nguyen Manh Hung နှင့် တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အာဆီယံဒုတိယအထွေ ထွေအတွင်းရေးမှူးချုပ် ဦးစန်းလွင်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအဖွဲ့ တာဝန်ရှိသူများ၊ အာဆီယံမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ITU ၊ AIBD နှင့် UNESCO တို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်က မြန်မာနိုင်ငံတွင်လည်း ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးလာမှုနှင့် အများအကျိုးရှိစေမည့် ကဏ္ဍများတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးအစီအစဉ်များ၊ ဆွေးနွေးပွဲများနှင့် အရည်အသွေးမြှင့်တင်သည့် သင်တန်းများကို ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စီစဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ထည့်သွင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ (၂၁) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အရာရှိကြီးများအစည်းအဝေးကို “Media: From Information to Knowledge for a Resilient and Responsive ASEAN” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပခဲ့သည်။

သတင်းစဉ်