Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်

နေပြည်တော် နိုဝင်ဘာ ၂၀

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား ၁၂၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

“ဝန်ကြီးဌာနအဆင့်မှာ စုစုပေါင်း အားကစားသမား ၅၂၀၀ ကျော်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်မှာ အားကစားသမား ၆၆၀၀ ကျော်နဲ့ မသန်စွမ်းအားကစားသမား ၁၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီလိုကျင်းပရာမှာ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက်နဲ့ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၀ မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို ဒီဇင်ဘာ ၂ ရက်ကစပြီးတော့ နေပြည်တော်မှာရှိတဲ့ အားကစားကွင်းတွေ၊ အားကစားရုံတွေမှာ ကျင်းပသွားမှာဖြစ်ပါ တယ်။ ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပဖို့အတွက် ကျွန်တော်တို့အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ဝန်ကြီးဌာနတွေ အားလုံးက ပံ့ပိုးကူညီမှုလုပ်ဆောင်ပေးကြတဲ့အတွက် နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှုနဲ့အညီ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌရဲ့ လမ်းညွှန်မှုနဲ့အညီ အောင်အောင်မြင်မြင် ကျင်းပသွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ပြောကြားသည်။

အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့် အားကစားနည်း ခြောက်နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း လေးနည်းပါဝင်မည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရ သည်။

“ပြိုင်ပွဲတွေအတွက် အားလုံးက ကြိုးစားနေကြတယ်။ ဝန်ကြီးဌာနအသင်းတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြိုင်ပွဲဝင်အသင်းတွေက သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေ၊ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်တွေရဲ့ ညွှန်ကြားမှုနဲ့အညီ အပြင်းအထန်ကြိုးစားလေ့ကျင့်လျက်ရှိတဲ့အတွက် ဒီအားကစားပွဲတော်ကြီးကနေ အနာဂတ်အားကစားလောကအတွက် အလားအလာရှိတဲ့ မျိုးဆက်သစ်အားကစားသမားတွေ မွေးထုတ်ပြီးတော့ လာမယ့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောပြသည်။

မကြာမီ ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်အတွင်း အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအပြင် ရွှေကြာပင်၊ လယ်ဝေးနှင့် ပေါင်းလောင်းတို့ရှိ အားကစားကွင်းများ၌လည်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဖွင့်ပွဲ အခမ်းအနားမှာ လာရောက်ကြည့်ရှုမယ့် နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ်တွေ ကြည့်ရှုမယ့်နေရာဖြစ်တဲ့ VVIP စတိတ်စင် တည်ဆောက်ခြင်းလုပ်ငန်းက ၁၀၀ ရာခိုင်နှုန်း၊ ဖွင့်ပွဲအခမ်းအနားမှာ ထွန်းညှိမယ့် မီးရှူးတိုင်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းကလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ပါတယ်။ အားကစားသမားပေါင်း ၆၀၀၀ ကျော်၊ ဒိုင်ဂျူရီ ၈၀၀ ကျော် တည်းခိုနေထိုင်မယ့် Gold Camp Cluster 4, 5, 6 မှာ မြို့ပြ၊ ရေ၊ မီး ပြုပြင်ခြင်း လုပ်ငန်းတွေကတော့ ဆောင်ရွက်နေဆဲဖြစ်ပြီးတော့ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့်နေရာတွေမှာ အသံစနစ်တွေ၊ အဲကွန်းစနစ်တွေ၊ လျှပ်စစ်စနစ်တွေ၊ မြို့ပြ၊ ရေ၊ မီး၊ မိလ္လာစတဲ့ လိုအပ်တဲ့ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။ ပြိုင်ပွဲကာလမှာ လျှပ်စစ်ဓာတ်အားပြတ်တောက် မှု မရှိအောင် အရန်မီးစက်တွေကို ထားရှိမယ့်အစီအစဉ်ကိုလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းနဲ့ ပေါင်းစပ်ဆောင်ရွက်နေပါတယ်။ ပြီးတော့ ပြိုင်ပွဲကာလအတွင်း အမှိုက်သိမ်းစနစ်တွေ ဆောင်ရွက်နိုင်ဖို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီနဲ့လည်း ပေါင်းစပ်ဆောင်ရွက်နေပါတယ်။” ဟု အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းက ရှင်းပြသည်။

ယမန်နေ့က ၂၀၂၄ ခုနှစ် ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားမဲနှိုက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအဆင့်အသင်းများမှ အားကစားသမားများသည် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား) စသည့် အားကစားနည်း ခြောက်နည်းကို ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အမျိုးသား အားကစားပွဲတော်ကို နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီ အားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

သတင်းစဉ်