Skip to main content

ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကား ပြောကြားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်းဦးစီးဌာန၏ အဓိကတာဝန်ဖြစ်သဖြင့် ကျေးလက်လမ်းများ ဖောက်လုပ်ခြင်း၊ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် လမ်းကွန်ရက်များ တိုးချဲ့ခြင်း တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာ လုပ်ကိုင်ခွင့်ရရှိရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဥပဒေ ပြဋ္ဌာန်းရန်လိုအပ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် က ယင်းဥပဒေ (မူကြမ်း) သည် ကျေးလက်ဒေသနေပြည်သူများ၏ လူနေမှုဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် ကိစ္စဖြစ်သဖြင့် အဆိုပါဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်