နေပြည်တော် နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ပိတ်ပွဲကို နိုဝင်ဘာ ၁၇ ရက် ညပိုင်းတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာမီးပုံးပျံကွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအကအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ခရီးသွားပွဲလာပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင်စိန်နားပန်မီးပုံးပျံကြီး သုံးလုံး၊ ညမီးကြီး မီးပုံးပျံလေးလုံးတို့ လွှတ်တင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ဆုရတေးသီချင်းဖြင့် ကပြဖျော်ဖြေ
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်(၂၀၂၄ ခုနှစ်) တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး မီးရှူးမီးပန်းများ လွှတ်တင်ပစ်ဖောက်ခြင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးပုံးပျံငယ်များ လွှတ်တင်ခြင်းတို့ကို ဆောင်ရွက်ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များက တောင်ကြီးတန်ဆောင်တိုင်ဆုရတေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်