ရန်ကုန် နိုဝင်ဘာ ၁၈
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဆွမ်းဆက်ကပ်လှူဒါန်း
ဦးစွာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့တို့က ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတာ်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ စမ်းချောင်းမြို့နယ် နေနတ်သား ပရိယတ္တိစာသင်တိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တသုစိတ္တထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တော်များ နာယူကြည်ညိုကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဆရာတော်ကြီးများထံ ဩဝါဒခံယူခဲ့ပြီး စက်တင်ဘာ ၁၉ ရက်မှစတင်၍ ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကာ ယခုရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်သွားမည်ဖြစ်ပါကြောင်း၊ အောက်တို ဘာ ၃၁ ရက်အထိ ရွှေစင်ခြောက်ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် တစ်ကျပ်သား ၄၂၇၂ ချပ် စုစုပေါင်း ၄၇၃၉ ချပ် အလှူခံရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များ ကိုယ်တိုင်တင်လှူပူဇော်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယကအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သ.စ.အ ဓမ္မာစရိယဝဋံသကာပါဠိပါရဂူ စေတိယင်္ဂဏသိရီပဝရမဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်) ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ရွှေစင်ရွှေပြားသင်္ကန်းတော်များ ပင့်ဆောင်၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော်အား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ပြီး ပန်းရထားပျံဖြင့် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်