Skip to main content

ဒုတိယမြို့တော်ဝန် ဦးညီညီ မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၈

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တပင်ရွှေထီးလမ်း သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်စေရေး လမ်းဘေးရေမြောင်းများအတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းရန်၊ လိုအပ်သည့် စက်ယန္တရားအသုံးပြု၍ လမ်းဘေးဝဲယာအမှိုက်များ ရှင်းလင်းရန်နှင့် တပင်ရွှေထီးလမ်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၇) ရပ်ကွက် ဘုရင့်နောင်လမ်း ဗိုလ်မှူးဗထူး တန်ဖိုးမျှအိမ်ရာအနီးရှိ မူလက အရှည်ပေ ၂၀၊ အကျယ် ၂၃ ပေရှိသည့် ထားဝယ်ချောင်တံတားအား ယာဉ်များသွားလာမှု အဆင်ပြေချောမွေ့စေရန် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည်ပေ၂၀၊ အကျယ် ၃၆ ပေ တိုးချဲ့တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မင်းရဲ ကျော်စွာလမ်းအား အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည် ပေ ၂၅၀၀ ၊ အကျယ် ၁၂ ပေ၊ အောက်ခံထုခြောက်လက်မနှင့် အပေါ်ယံထု ရှစ်လက်မကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှုလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က လမ်းပေါ်ရေတင်ရေဝပ်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးရေမြောင်းများ စနစ်တကျဖောက်လုပ်ထားရှိရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ လမ်းသားတိုးချဲ့ခြင်းလုပ်ငန်းပြီးစီးပါက လမ်းညွှန်အမှတ်အသားများ စနစ်တကျရေးဆွဲထားရှိရန်၊ လမ်းတိုးချဲ့မှုလုပ်ငန်းဆောင်ရွက်နေစဉ် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဧရာဝဏ်လမ်းအား အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည် ပေ ၂၇၀၀ ၊ အကျယ် ၁၅ ပေ၊ အောက်ခံထုခြောက်လက်မနှင့် အပေါ်ယံထု ရှစ်လက်မကွန်ကရစ်လမ်းသား တိုးချဲ့ဆောင်ရွက်နေမှုလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဗိုလ်တထောင် မြို့နယ်နန်းသီတာပန်းခြံဧရိယာ သန့်ရှင်းသာယာလှပစေရေးအတွက်  မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်