Skip to main content

(၁၉)ကြိမ်မြောက် ကလောမြို့ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ကျင်းပ

ကလော နိုဝင်ဘာ ၁၇

(၁၉)ကြိမ်မြောက် ကလောမြို့ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက် ည ၇ နာရီခွဲက ကလောမြို့ မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ကျင်းပသည်။

ကလောမြို့ မြို့လုံးကျွတ်မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ကလောမြို့ ကိုးမြို့ရှင်နတ်နန်းတွင်စုရပ်ပြုလုပ်၍ ကလောမြို့ တောင်ကြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း ကလောနာရီစင်မှ မီးရှော်တိုင်ကွင်းသို့ လှည့်လည်ကြသည်။

ထိုသို့ မီးကြာစံထွန်းညှိပူဇော်လှည့်လည်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ထို့နောက် အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၁၉) ကြိမ်မြောက် ကလောမြို့ ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ညီညာစွာဆောင်ရွက်

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကလောမြို့ မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာထွန်းညှိ ပူဇော်ပွဲကို သာမညဖလအခါတော် နေ့အထိမ်းအမှတ်အဖြစ် မြတ်ဗုဒ္ဓဘုရားရှင်အား တန်ဆောင်တိုင် မီးရှော်တိုင်နှင့် မီးကြာစံအလှပဒေသာများဖြင့် နှစ်စဉ်ပူဇော်နိုင်ရန်၊ ကလောမြို့နယ်၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ပြီး ရေရှည်တည်တံ့အောင် စောင့်ရှောက်ထိန်းသိမ်းနိုင်စေရန်၊ ကလောမြို့၏ သဘာဝရာသီဥတုနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာသာမကကမ္ဘာကပါ သိရှိပြီး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်၍ မြို့နယ်၏ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ဖြစ်ထွန်းလာရန်၊ ကလောမြို့နယ်၊ မြို့နယ်သားများ၊ လူငယ်ထုတစ်ရပ်လုံးက တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်ရာတွင် စုပေါင်းညီညာစွာဆောင်ရွက်နိုင်မှု၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းစနစ်ကျနစွာ ဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ကပြဖျော်ဖြေ

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲကို စက်ခလုတ်နှိပ်၍ မီးပုံးပျံငယ်အလုံး ၂၀၀ လွှတ်တင်ခြင်းနှင့် မီးရှူး၊ မီးပန်းများ ပစ်လွှတ်ပေးခြင်း၊ ပြိုင်ပွဲဝင် မီးကြာစံအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာအကအလှအဖွဲ့များမှ ကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်သရုပ်ဆောင် တေးသံရှင်များက ဖျော်ဖြေပေးကြကြောင်း သိရသည်။

ယင်းနောက် ပြိုင်ပွဲဝင်ကလောမြို့ ရပ်ကွက်(၃)ကိုယ်စားပြု Kalaw-Net မီးရှော်တိုင်အဖွဲ့များက ပစ်လွှတ်ထွန်းညှိပူဇော် ယှဉ်ပြိုင်ကြသည်။

ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

အဆိုပါ မီးရှော်တိုင်ပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိ (၁၁) ရပ်ကွက်နှင့် ရပ်ကွက်၊ ကျေးရွာတို့မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင်မီးရှော်တိုင် ၁၅ တိုင်ကို ညစဉ် ငါးတိုင်ဖြင့် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)