ရေကြီးနစ်မြုပ်မှုကြောင့် ငါးမွေးမြူကန်ပတ်ဝန်းကျင်မှ အမှိုက်သရိုက်ဆွေး၊ အနည်အနှစ်များ၊ ဘေးအန္တရာယ်ရှိသောအညစ်အကြေးများ၊ အဆိပ်အတောက်ဖြစ်စေနိုင်သည့်အရာများ (ပိုးသတ်ဆေး ဓာတ်ကြွင်း)၊ ရောဂါဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားပိုးမွှားများကြောင့် အနီးဝန်းကျင်နေထိုင်သည့်လူများသည် အသုံးပြုမည့်ရေကို သေချာစွာကျိုချက်သန့်စင်အသုံးပြုကြပါရန်၊
ရေကြီးဖုံးလွှမ်းခဲ့သည့် ငါးမွေးမြူကန်အတွင်းရှိ ငါးများအား ပြန်လည်ဖမ်းယူစစ်ဆေးခြင်း၊ ရောနှောသွားသောငါးများ အရွယ်အစားအလိုက်၊ ငါးမျိုးအလိုက်ခွဲခြားခြင်း၊ ပြင်ပမှ ဝင်ရောက်လာသည့် သားစားငါးများ၊ သဘာဝငါးရိုင်းများအား ဖယ်ရှားခြင်းတို့လုပ်ဆောင်ပါရန်၊
ငါးမွေးကန်များ ရေကြီးနစ်မြုပ်မှုကြောင့် ပြိုကျနိမ့်ဆင်းသွားသော ကန်ပေါင်များအား အမြန်ဆုံးပြန်လည်ဆယ်ဖို့ခြင်း၊ ရေရှည်ခိုင်ခံ့မှုအားကောင်းစေရန် သေချာစွာပြုပြင်ခြင်း၊ ရေတိုက်စားမှုနှင့် မိုးများခြင်းကြောင့် ကန်ပေါင်မြေသားများမပြိုစေရန် တုတ်များ၊ မြေထိန်းနံရံများဖြင့် ခိုင်ခံ့စွာပြုပြင်ပြီး မြေထိန်းနိုင်မည့် မြက်ပင်များစိုက်ပျိုးထားရှိရန်၊ ကန်ပေါင်ခိုင်ခံ့မှုကို ပျက်စီးစေနိုင်မည့် တိရစ္ဆာန်(ကျွဲ၊ နွား၊ ဝက်များ) မဝင်ရောက်စေနိုင်ရန် ခြံစည်းရိုးအကာအရံများထားရှိပါရန်၊
ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများရှိ အနည်အနှစ်များ၊ အမှိုက်သရိုက်များ ဖယ်ရှားခြင်း၊ ရေဝင်ရေထွက်ကောင်းမွန်အောင် လိုအပ်သော ရေမြောင်းအနက်၊ ရေမြောင်းအကျယ်ကို သေချာစွာပြုပြင်ခြင်း၊ ငါးမွေးကန်၏ ရေဝင်ပိုက်လိုင်းများနှင့် ရေထုတ်ပိုက်လိုင်းများ အမှိုက်ဖယ်ရှား၍ သေချာစွာပြန်လည်တပ်ဆင်ခြင်းတို့ ဆောင်ရွက်ရန်နှင့် အနီးဝန်းကျင်ရှိ ရေသွယ်မြောင်း၊ တံတားများ၌ အမှိုက်များပိတ်ဆို့ခြင်းကို အမြဲပုံမှန်စစ်ဆေး၍ သေချာစွာဖယ်ရှားပါရန်၊
ရေကြီးနစ်မြုပ်စဉ် ကာရံထားသောပိုက်များကို ပေါက်ပြဲဆွေးမြည့်မှု သေချာစွာစစ်ဆေး၍ တစ်နှစ်တစ်ကြိမ် အသစ်လဲလှယ်ကာရံထားရန်၊ ကာရံထားသော သဲအိတ်များကို ပြန်လည်စစ်ဆေး၍ အသစ်လဲလှယ်ရန်နှင့် ထပ်မံလိုအပ်မည့် သဲအိတ်များ အဆင်သင့်ပြင်ဆင်ထားရှိပါရန်၊
ငါးမွေးကန် ပတ်ဝန်းကျင်ရှိ ချုံနွယ်သစ်ပင်ပေါင်းပင်များနှင့် ရေမြောင်းများနှင့်ကန်အတွင်းရှိ ရေပေါက်ပင်များ (ဗေဒါပင်၊ ရေမှော်ပင်၊ တက်ပြားပင်များ) ဖယ်ရှားရှင်းလင်းပါရန်၊
ရေကြီးနစ်မြုပ်ပြီးနောက် ငါးမွေးကန်အတွင်းရှိ ငါးများနှင့် အသုံးပြုရေများကို ငါးရောဂါစစ်ဆေးခြင်းနှင့် ရောဂါမပြန့်ပွားရေး ငါးအသေများသေချာစနစ်ကျစွာ ဖယ်ရှားရှင်းလင်းပါရန်၊
ရေအရင်းအမြစ်ရယူသောနေရာ (မြစ်၊ ချောင်း)များနှင့် ရေစွန့်ထုတ်မည့်မြောင်းများကို အတားအဆီး ဖြစ်စေနိုင်မည့်နေရာ၌ပိတ်ဆို့စေနိုင်သော အဆောက်အဦ၊ ကန်များတည်ဆောက်ခြင်းမပြုလုပ်ရန်၊ ငါးမွေးကန်များကို သေချာသောမြေနေရာချထားတည်ဆောက်မှု(Layout Plan)ဖြင့် ရေဝင်ရေထွက် ကောင်းမွန်အောင်၊ လုပ်ငန်းသုံးပစ္စည်း (အစာ၊ ဆေးဝါးများစသည့်)များ လွယ်လင့်တကူ သယ်ယူရွှေ့ပြောင်းနိုင်မည့် လမ်း၊ ချောင်းတို့ကို ပြင်ဆင်ထားရှိပါရန်၊
ရေကြီးနစ်မြုပ်ပြီးနောက် ငါးမွေးကန်ကို မွေးမြူမည့်ငါးများအတွက် သင့်တော်သောရေအရည်အသွေးရှိစေရန် တိုင်းတာစစ်ဆေးခြင်းနှင့် ရေပြင်ခြင်း(ထုံးထည့်ခြင်း၊ ရေဩဇာထည့်ခြင်းတို့) ပြုလုပ်ပေးပါရန်၊
ရေကြီးနစ်မြုပ်ပြီးနောက် ငါးမွေးကန်ကို အမြန်ပြန်လည်မွေးမြူနိုင်ရေး သင့်တော်မည့်ငါးအရွယ်များ ထည့်သွင်းမွေးမြူနိုင်ရန် သွင်းအားစုများ(ငါးအစာ၊ ငါးသားပေါက်)များ ဖြည့်ဆည်းနိုင်မည့် အစီအမံများ ချိတ်ဆက်ဆောင်ရွက်ပါရန်၊
ငါးလုပ်ငန်းဦးစီးဌာန စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန