နေပြည်တော် နိုဝင်ဘာ ၁၇
နေပြည်တော် သံဝေဇနိယလေး ဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ)စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဂေါပကအဖွဲ့ရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အမြဲသန့်ရှင်းသာယာလှပရေး
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သံဝေဇနိယလေးဌာနအား ဘက်စုံပြုပြင်မွမ်းမံရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စေတီတော်အားလုံးသို့ရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် အသုံးပြုရေး၊ အမြဲသန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ယင်းနောက် တက်ရောက်လာကြသူများက ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆီမီးထွန်းညှိပူဇော်
ထို့နောက် နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိစေတီတော်မြတ်ကြီးအတွင်းရှိ မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ်မှတ်တမ်းဓာတ်ပုံပြခန်းနှင့် ဓမ္မာရုံအတွင်းသို့လည်းကောင်း၊ နေပြည်တော်- တပ်ကုန်းသွား အမှတ်(၁) လမ်းမကြီးပေါ်ရှိ တောင်ကျချောင်းရေကျော်တွင် ရေစီးရေလာကောင်းမွန်ရေး ထိန်းသိမ်းဆောင်ရွက်မှုအခြေအနေများနှင့် ဓမ္မာရုံမျက်နှာ ကြက်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ မိဂဓာဝုန်ဘေးမဲ့ဥယျာဉ်ကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး သံဝေဇနိယလေးဌာန(ပွင့်)စေတီတော်တွင် ဘုရားဖူးပြည်သူများနှင့်အတူ ဆီမီးထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်