နေပြည်တော် နိုဝင်ဘာ ၁၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
နိုဝင်ဘာ ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၇၄၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၁၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု နဝဒေးတံတားစစ်ဆေးရေးဂိတ်၌ ပြည်မြို့မှ ပန်းတောင်းမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားမဝင်ရေနံစိမ်းအနှစ် ဂါလန် ၃၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၁၈၈၈၀၀)နှင့် အဆိုပါ ရေနံစိမ်းများတင်ဆောင်လာသည့် Nissan Diesel ဆီသယ်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၆၁၂ တန်၊ သစ်မာ ၈ ဒသမ ၇၀၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၄၀၅၆) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၆၈၁၂၈၅၆ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက် တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၉၄၃၀၂၅၆)ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင်တင်သွင်းမှုများနှင့် တရားမဝင် သယ်ဆောင်မှုများကြောင့် ပြည်တွင်းစျေးကွက်၌ ကုန်စျေးနှုန်းတည်ငြိမ်မှုကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေနိုင်သကဲ့သို့ အရည်အသွေးမပြည့်ဝသည့် ကုန်စည်များကြောင့် စားသုံးသူပြည်သူများအတွက် ထိခိုက်နစ်နာမှုများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်