Skip to main content

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ခရီးသွားများဖြင့် အထူးစည်ကား

နေပြည်တော် နိုဝင်ဘာ ၁၇

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ခရီးသွားပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်

“တန်ဆောင်တိုင်ပွဲတော်ကာလမှာ လပြည့်နေ့ဟာ ဘုရားဖူးခရီးသွားတွေနဲ့ အထူးစည်ကားခဲ့ပါတယ်။ ပုဂံကို ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသွားတွေလည်း အခုလကစပြီး အုပ်စုလိုက်စဝင်နေပါပြီ။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသဟာ အေးချမ်းသာယာပါတယ်။ ဒေသခံတွေကလည်း ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို အမြဲတမ်းနွေးထွေးလှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်နေပါတယ်” ဟု ထီးလိုမင်းလိုဘုရားမှ အတွင်းရေးမှူး ဦးတင်လှဦးက ပြောသည်။

ပုဂံဒေသ၏ ခရီးသွားဝန်ဆောင်မှုကဏ္ဍသည် ပုဂံဒေသခံပြည်သူများ၏ လူမှုစီးပွားနှင့် အလုပ် အကိုင်အခွင့်အလမ်းကို များစွာအထောက်အကူပြုလျက်ရှိသည်။

“ဒီနှစ် တန်ဆောင်တိုင်ပွဲတော်ကာလမှာ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရှိတယ်။ ပြီးတော့ နေပြည်တော်၊ ပဲခူး စသဖြင့် နေရာဒေသတော်တော်များများမှာ ပွဲတော်တွေ စည်စည်ကားကား ကျင်းပခဲ့တဲ့အတွက် ပုဂံကိုလာတဲ့ခရီးသည်က ပျံ့ဝင်တဲ့သဘောတော့ရှိတယ်။ ဒါပေမယ့် တန်ဆောင်တိုင်လပြည့်နေ့မှာတော့စည်ကားခဲ့တယ်။ ဒေသခံတွေ အရောင်းအဝယ်တွေအဆင်ပြေကြတယ်။ ကျွန်တော်တို့လို လက်ပန်းချီဆွဲတဲ့ ဆိုင်တွေအားလုံး ခရီးသွားတွေအပြည့်ရတယ်။ ပြီးတော့ ပြည်ပခရီးသွားတွေ ဝင်ရောက်လည်ပတ်တာမြင်ရတော့ ပိုပြီးဝမ်းသာရပါတယ်။ ခရီးသွားဝန်ဆောင်မှုနဲ့ ရပ်တည်နေရတဲ့ ဒေသဖြစ်တဲ့အတွက် ခရီးသည်တွေလာရင် ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု လက်ပန်းချီရေးဆွဲသူ ကိုဇေယျာသန်းက ပြောသည်။

ပုဂံဒေသသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်း၊ ပြည်ပခရီးသွားများသည် အမှတ်တရ ပစ္စည်းဝယ်ယူခြင်းအပြင် လက်ပန်းချီဆွဲခြင်း၊မြင်းလှည်းစီးခြင်းတို့ကို အများဆုံးပြုလုပ်လေ့ရှိပြီး လူငယ်များကပို၍ လက်ပန်းချီရေးဆွဲလေ့ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် သီတင်းကျွတ်၊ တန်ဆောင်မုန်းပွဲတော်ကာလသည် ခရီးသွားဝင်ရောက်မှုများသော အချိန်ကာလဖြစ်ပြီး နတ်တော်လတွင်ကျင်းပသည့် အလိုတော်ပြည့်ဘုရား ပွဲတော်ကာလနှင့် ပြာသိုလတွင်ကျင်းပသည့်အာနန္ဒာဘုရားပွဲတော်ကာလတို့သည်လည်း ခရီးသွားများဖြင့် အထူးစည်ကားလေ့ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ-ကနူး