ယဉ်ကျေးမှုကို မြန်မာအဘိဓာန်တွင် “သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိသော ဓလေ့ထုံးတမ်း”စသည်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အဆိုပါမြတ်နိုးဖွယ်ရာ ဂုဏ်အင်္ဂါများမှာ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ထွန်းကားခဲ့သလို မကြာသေးမီကာလက ကျင်းပဆင်နွှဲခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာပွဲတော်များတွင် ထင်ရှားပေါ်လွင်စွာ ညွှန်းဆိုပြသခဲ့သဖြင့် အတိုင်းမသိ ဝမ်းမြောက်ကြည်နူးမိသည်။
မြန်မာလူမျိုးအများစုသည် ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူများဖြစ်၍ မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာပွဲတော်များ ကျင်းပရာတွင် ဘာသာတရားလွှမ်းခြုံသော ပျော်ရွှင်ချမ်းမြေ့မှုများပါရှိ၍ စိတ်ကြည်နူးဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးတစ်ရာကျော်၊ ယုံကြည်ကိုးကွယ်ဆည်းကပ်မှုအမျိုးမျိုး၊ နှစ်သက်စွဲလမ်းရာ ယဉ်ကျေးမှုအဖုံဖုံတို့ရှိသည်။ သို့သော် လူမျိုးစုတစ်မျိုးနှင့်တစ်မျိုး ယဉ်ကျေးမှုစံနှုန်းများ မည်မျှကွဲပြားနေသည်ဖြစ်စေ အစဉ်အလာကြီးမားသည့် မြန်မာဟူသည့် ဘုံယဉ်ကျေးမှုစံနှုန်းနယ်ပယ်ကြီးတွင် အားလုံးတစ်စိတ်တစ်ဝမ်းတည်း ပါဝင်စီးမျောခဲ့ကြသည်မှာ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးမှုများ ပေါ်လွင်ပေသည်။
“ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်၊ လူမျိုးပျောက်လျှင် နိုင်ငံပျောက်မည်” ဆိုသောအချက်ကို မကြာခဏအမွှမ်းတင် ပြောဆိုနေကြခြင်းမဟုတ်ပေ။ နိုင်ငံနှင့်လူမျိုးအမှတ်သညာအတွက် ယဉ်ကျေးမှုသည် နိုင်ငံအတွက်အရေးကြီးသလို ယဉ်ကျေးမှုအမှတ်သညာများသည်လည်း နိုင်ငံနှင့်လူမျိုးအတွက် အသက်တမျှအရေးကြီးလှသဖြင့် ပြောဆိုခြင်းဖြစ်ပေသည်။ ယနေ့ဆင်နွှဲခဲ့သော မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာပွဲတော်များသည် တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ အေးချမ်းသာယာမှု၊ ပျော်ရွှင်ကြည်နူးမှုအပေါင်းတို့ကို ဆောင်ကြဉ်းပေးခဲ့သဖြင့် ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံနှင့်လူမျိုးအားလုံး အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲနေမည်မှာ သေချာသည်။
ယဉ်ကျေးမှုကို တန်ဖိုးထားခြင်းသည် မည်သူမှတိုက်တွန်းမှုမပါဘဲ၊ မည်သည့်စည်းကမ်းသတ်မှတ်ချက်မှမပါဘဲ နိုင်ငံသားများ၏ နှလုံးသားများမှ အလိုလိုပေါက်ဖွားလာသော မွေးရာပါဆောင်ရွက်ချက်ဖြစ်သည်။ သတိမထားမိသော အသိစိတ်ဖြင့် မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုက်ခြင်းဖြစ်သည်။ ထိုသို့ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် လမ်းဖွင့်ပေးသော နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ကျေးဇူးတင်ရမည်ဖြစ်သည်။ သားရွှေအိုးထမ်းသည့်ကိန်းကဲ့သို့ ပျော်ရွှင်ချမ်းမြေ့မှုကိုလည်း ဆောင်ကြဉ်းနိုင်စေ၊ စည်းလုံးညီညွတ်မှုကိုလည်း ဖော်ဆောင်နိုင်စေပြီဖြစ်သည်။
ထိုသို့ကောင်းမြတ်သော ယဉ်ကျေးမှုအမွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ဆက်လက်ပေးဝေနိုင်အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကို ချစ်မြတ်နိုးသောစိတ်၊ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးဟေ့ဟု ဝင့်ကြွားထည်ဝါပြီး နောင်အရှည်ကြာ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေလိုသော စိတ်ထားများ၊ မြတ်နိုးတွယ်တာသော စိတ်ထားများ ကမ္ဘာတည်သရွေ့ မြဲမြံခိုင်မြဲနေစေရန် ဆက်လက်အားထုတ်ကြရမည်ဖြစ်သည်။ ယဉ်ကျေးမှုသည် ကိုယ်ပိုင်အသိစိတ်ဖြင့် ထိန်းသိမ်းရမည့် အမျိုးသားရေးတာဝန်ကြီးဟုလည်းဆိုနိုင်သည်။ မိမိမိသားစု၊ မိမိပတ်ဝန်းကျင်ကိုလည်း မိမိကဲ့သို့ယဉ်ကျေးမှုကို ခုံမင်တွယ်တာတတ်လာအောင် ကြိုးပမ်းကြရမည်ဖြစ်သည်။
မြန်မာတို့၏ယဉ်ကျေးမှုအစဉ်အလာများကို မြတ်နိုးတန်ဖိုးထားကြမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးကို ချစ်ခင်မြတ်နိုးသောစိတ်၊ မြန်မာဟူသောဂုဏ်ယူစိတ်များ တိုးပွားလာမည်ဖြစ်သည်။ ထိုစိတ်များတိုးပွားပျံ့နှံ့လာပြီဆိုလျှင် ထိပါးထိုးဖောက်လာမည့် ကွဲပြားခြားနားသော ဆန့်ကျင်ဘက်ယဉ်ကျေးမှုများ ကပ်ငြိလာနိုင်မည်မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ ကမ္ဘာတည်သရွေ့ မပျောက်မပျက်တည်ရှိနေမည်ဖြစ်သည်။ အဓိကမှာ အသိဉာဏ်မြင့်မားသော၊ အတွေ့အကြုံများသော လက်ရှိလူသားများက ကောင်းသောယဉ်ကျေးမှုအမွေအနှစ်များအား နောင်မျိုးဆက်အဆက်ဆက်တို့ကို လက်ဆင့်ကမ်းအမွေ ပေးဝေနိုင်ရေးဖြစ်သည်။ သိမ်မွေ့နူးညံ့သည့် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သောယဉ်ကျေးမှုများ မလွှမ်းမိုးလာအောင် ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။
ကောင်းမြတ်သည့် မြန်မာတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မျိုးဆက်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ဆင့်ကမ်းပေးဝေခြင်း မပြုလုပ်ခဲ့ပါလျှင် နှစ်ကာလကြာမြင့်သည့်အခါ မြန်မာ့ယဉ်ကျေးမှု တစ်စတစ်စလျော့ပါးပျောက်ကွယ်ပြီး မြတ်နိုးတွယ်တာခဲ့ရသော မြန်မာသည်လည်း ပျောက်ပျက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရန်အတွက် မိမိနိုင်ငံကို မိမိတို့တန်ဖိုးထားပါ၊ မိမိလူမျိုးကို မိမိတို့ချစ်မြတ်နိုးပါ၊ မိမိယဉ်ကျေးမှုကို မိမိတို့ထိန်းသိမ်း စောင့်ရှောက်မျှဝေပါဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။