နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ယနေ့တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် နောက်ဆုံးနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။
ယနေ့သည် တန်ဆောင်တိုင်လပြည့်နေ့နှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီး၏ နောက်ဆုံးရက်ဖြစ်သည်နှင့်အညီ ဘုရားမုခ်ဦးအပြင် ကားရပ်နားဝင်းများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးကားများ ပြည့်လျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်အထွက် လမ်းကြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးကာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း မီးထွန်းပွဲတော်ကြီးတွင် တပျော်တပါးပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသည့် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်ကို ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။
ဘုရားမုခ်ဦးများရှေ့၌လည်း တန်ဆောင်တိုင်မီးထွန်းပွဲတော်လာ ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်ပါဝင်ဆင်နွှဲနိုင်ရေးအတွက် တာဝန်ရှိသူများက လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့် နေရာများ၊ မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက်လေ့လာနိုင်မည့် နေရာများကို အလွယ်တကူသွားရောက်နိုင်ရေးအတွက် လမ်းညွှန်ပြသပေးကြသည်။ ထို့နောက် တန်ဆောင် တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီးကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း မြတ်စွာဘုရားရှင်၏ တရားဓမ္မသံများ စိတ်ကြည်နူးဖွယ်ရာ ဖုံးလွှမ်းလျက်ရှိသည်။
မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာအသီးသီး၌လည်း ဘုရားဖူးလာပြည်သူများက ကြိုတင်စောင့်ဆိုင်းရောက်ရှိနေကြပြီး မီးပုံးပျံအောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် တာဝန်ရှိသူများ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်း အထူးစိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။
ထို့နောက် မီးပုံးပျံလွှတ်တင်၍ မြတ်စွာဘုရားရှင်အား ပူဇော်မည့်အချိန်ရောက်ရှိသည့်အခါတွင် တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီးလုံးများဖြင့် တွဲဖက်၍ ဘုရား ဝင်းအတွင်း သတ်မှတ်နေရာများအလိုက် မီးရှူး၊ မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းနှင့် မီးပုံးပျံ အသေးများ၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများအား ကောင်းကင်ယံထက်သို့ အောင်မြင်စွာ လွှတ်တင်ပူဇော်ကြရာ ဘုရားဖူးလာပြည်သူများ၏ ကြည်နူးပီတိလက်ခုပ်သံများသည်လည်း နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည့်အပြင် အဆိုပါမီးပုံးပျံလွှတ်တင်ပူဇော်မှုများကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ပြသခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် ပြည်သူများ ရုပ်မြင်သံကြားတို့မှတစ်ဆင့် ပူဇော် ခွင့်ရရှိခဲ့ကြသည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကိုလည်း ဘုရားဖူးလာပြည်သူများအနေဖြင့် တစ်နှစ်တွင် တစ်ကြိမ်သာ ကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ကြမည်ဖြစ်သည်။
ဆက်လက်၍ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယ ကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို လေ့လာကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းအစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာ ပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။
ထို့အတူ ပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ် ကောင်းများအဖြစ် တေးသံရှင် များ၏ တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းကောင်းများ၊ လူကြီး၊ လူငယ်အကြိုက် ခေတ်ဟောင်းနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုအပြင် ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံး၏စီစဉ်မှုဖြင့် ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့နှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ လာရောက်အားပေးနားဆင်ကြည့်ရှုကြသည့် အနုသုခုမဝါသနာရှင်များဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။
အလားတူ ဘုရားဖူးလာပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုးဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များကို ချစ်ခင်မြတ်နိုးစွာဖြင့် ဝယ်ယူအားပေးကြရာ ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းချခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဘုရားဖူးလာကလေးငယ်များအတွက်လည်း ကလေးကစားကွင်း ထားရှိပေးထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်လာပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ဘုရားပရိဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည် ကိုလည်း တွေ့မြင်ရသည်။
အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ယနေ့အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့်လည်း ပွဲတော်ကြီးကို စိတ်အားထက်သန်စွာ တစ်ခဲနက်ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက်လည်း အထူးစည်ကားများပြားခဲ့ကာ တန်ဆောင်တိုင်ည၏ အလှနှင့် ရသကို အပြည့်အဝခံစားနိုင်ခဲ့ကြောင်း သိရှိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်