Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၁၅

နေပြည်တော်၌ ရောက်ရှိနေကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နေပြည်တော်အတွင်းရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြပြီး ညပိုင်းတွင် မာရဝိဇယရုပ်ရှင်တော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်သို့ တက်ရောက်ကြသည်။

လေ့လာကြည့်ရှု

ဦးစွာ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အဖွဲ့သည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြပြီး သမိုင်းတင်ခေတ်ပြခန်းတွင် ခင်းကျင်းပြသထားသည့် ပုဂံခေတ်ဘုရား စေတီများဖြစ်သည့် အာနန္ဒာ၊ သဗ္ဗညု၊ ဓမ္မရံကြီးတို့၏ စကေးကိုက်ပုံစံငယ်များ၊ ဆင်းတုတော်များ၊ စဉ့်ပန်းများ၊ ဗိသုကာဆိုင်ရာ လက်ရာများ၊ နံရံဆေးရေးပန်းချီများနှင့် သီဟာသနပလ္လင်ပြခန်းတွင် ခင်းကျင်းပြသထားသည့် မြန်မာဘုရင်များ အသုံးပြုခဲ့ကြသည့် သီဟာသနပလ္လင်တော်၊ မင်းခမ်းတော်ပစ္စည်းများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများကို လေ့လာကြည့်ရှုကြ၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အဖွဲ့အား Aureum Palace Hotel ၌ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ ဧည့်ခံပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြရာ ပြတိုက်တာဝန်ရှိသူက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့ကြသည့် ဘုရင်မင်းမြတ်များ၏ သမိုင်းကြောင်း၊ ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ခင်းကျင်းပြသထားမှုတို့ကို ရှင်းလင်းပြောကြားပြီး ဧည့်သည်တော်နှင့်အဖွဲ့သည် ပြခန်းတစ်ခုချင်းအလိုက် ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုလေ့လာ၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

မီးပုံးပျံလွှတ်တင်ပူဇော်

ညပိုင်းတွင် ဘူရားတီးရား ပြည်နယ်အကြီးအကဲနှင့် အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲတော်သို့ တက်ရောက်ကြသည်။

သတင်းစဉ်