Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် တာဝန်ရှိသူများ တက်ရောက်၍ မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြသည်။

မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်းနှင့် ၎င်းတို့၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝတ်အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားရှစ်ခိုး၍ ဖွင့်လှစ်ကြပြီး “ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီဂါထာတော်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်သို့ ပင့်ဆောင်ကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင်ကြသည်။ ထိုသို့ပင့်ဆောင်နေချိန်၌ ဝတ်အသင်းအဖွဲ့များက ဘုရားဂုဏ်တော်ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍စုစည်းခြင်းများကို ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က မသိုးရွှေကြာသင်္ကန်းတော်များကို ဆက်ကပ်လှူဒါန်းကြကာ ဥပါသကာများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက်ဆက်ကပ်ပူဇော်သည်။ ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် အခမ်းအနားမှူးက မသိုးရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ခြင်း မင်္ဂလာစာတမ်းကို ရွတ်ဖတ်ပူဇော်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစောနှင့် တက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကာ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့်သုံး  ဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့၍ ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့အရုဏ်မတက်မီ အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို နှစ်စဉ် အမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှမိသားစုအမှူးပြုသည့် ခုနှစ်ရက်သားသမီးများက ယခုနှစ်တွင်လည်း ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းပူဇော်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။