နေပြည်တော် နိုဝင်ဘာ ၁၄
မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ကာကွယ်နိုင်ရန် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဒုတိယဥက္ကဋ္ဌများ၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန မှုခင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ နည်းပညာ အသုံးပြု၍ လိမ်လည်မှုပုံစံများသည် OTP၊ SMS များကို Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက် ဆောင်ရွက်၍ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဘဏ်များက ၎င်းတို့ကြုံတွေ့ရသော ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိချက်နှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက လုံခြုံမှုကျိုးပေါက်နိုင်သည့်အချက်များ၊ အသိပညာပေးမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operators) နှင့် FinTech Service ဝန်ဆောင်မှုပေးသူများအနေဖြင့် ငွေကြေးလိမ်လည်မှုများကို ကာကွယ်ဖော်ထုတ်နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေးနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လိမ်လည်မှုဖြစ်စဉ်များတွင် အဆင့်မြင့်နည်းပညာ အသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ပြီး အဆင့်မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်