ရန်ကုန် နိုဝင်ဘာ ၁၄
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ် (Fujairah) အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသူ မဇင်မျိုးသူအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရုံးချုပ်အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြန်လည်ထွက်ခွာခွင့် Out Pass ရရှိခဲ့၍ နိုဝင်ဘာ ၁၃ ရက်၌ ဒူဘိုင်း - ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးသည့်အတွက် အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
ကျော်ကြီး ၊ ဓာတ်ပုံ-သီဟ