Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြား

နေပြည်တော် နိုဝင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ယနေ့တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားသည်။

လမ်းညွှန်ပြသပေး

ဦးစွာ တာဝန်ရှိသူများက တန်ဆောင်တိုင် မီးထွန်းပွဲတော်လာဘူရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်လက်အေးချမ်းစွာ ဘုရားဖူးမြော်ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ဘုရားမုခ်ဦးများရှေ့တွင် လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ပွဲတော်အတွင်း ကုသိုလ်ပြု ဆီမီးထွန်းညှိနိုင်မည့် နေရာများ၊ မီးပုံးပျံလွှတ်တင်ပူဇော်မည့်နေရာများ၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်သည့်နေရာများ၊ ဈေးပွဲတော်နေရာများနှင့် အခြားသွားရောက်လေ့လာနိုင်မည့်နေရာ များကို အလွယ်တကူသွားရောက်နိုင်ရေးအတွက် လမ်းညွှန်ပြသပေးကြသည်။

ထို့နောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် စိတ်အေးချမ်းသာစွာဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်အတွင်း ဆီမီးကပ်လှူပူဇော်ခြင်း၊ အသံမစဲပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း မြတ်စွာဘုရားရှင်၏ တရားဓမ္မသံများ စိတ်ကြည်နူး ဖွယ်ရာ ဖုံးလွှမ်းလျက်ရှိသည်။

သင်္ကန်းရက်လုပ်နေမှုကြည့်ရှု

တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ကုသိုလ်ထူးရရှိနိုင်ရေးအစီအစဉ်တစ်ခုအဖြစ် တန်ဆောင်မုန်းလပြည့်နေ့၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်သည့်အတွက် ယနေ့ညနေပိုင်းမှစတင်၍ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ရက်ကန်းအဖွဲ့ ၁၅ ဖွဲ့တို့က မသိုးရွှေကြာသင်္ကန်းကို အားကြိုးမာန်တက် စတင်ရက်လုပ်ယှဉ်ပြိုင်နေကြရာ အဆိုပါ ရက်ကန်းရက်လုပ်နေမှုကို အားပေးလေ့လာကြည့်ရှုကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း စည်ကားလျက်ရှိသည်။

မီးပုံးပျံလွှတ်တင်ပူဇော်

ထို့ပြင် မြတ်စွာဘုရားရှင်အား မီးပုံးပျံလွှတ်တင်၍ ပူဇော်ခြင်း ကုသိုလ်ထူးကို ခံစားနိုင်စေရန်အတွက် ဝန်ကြီးဌာနအလိုက် မီးပုံပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ထားရှိသည့်အတွက်ကြောင့်လည်း ပြိုင်ပွဲမစတင်မီ အစောပိုင်းကပင်ဘုရားပရိဝုဏ်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး တိုင်းရင်းသားရိုးရာ အကအလှများ၊ အိုးစည်ဒိုးပတ်၊ သံချပ်တီးလုံးများဖြင့် တွဲဖက်၍ အလှမီးရှူး၊ မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်း၊ မီးပုံးပျံအသေးများ၊ ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်းဖြင့်လည်း နေပြည်တော် တန်ဆောင်မုန်းလ၏ ညအလှကို ပိုမိုပေါ်လွင်စေခဲ့သည်။

ဖူးမြော်ကြည်ညို

အလားတူ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌လည်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိသည့်အတွက် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် ဘုရား၊ စေတီ၊ ပုထိုးများ၏ သပ္ပာယ်မှုများနှင့် အံ့မခန်းဗိသုကာလက်ရာများကို လာရောက်ကြသည့် ဘုရားဖူးလာပြည်သူများ တစ်နှစ်တွင်တစ်ကြိမ်သာ ကြုံတွေ့ရမည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ယှဉ်တွဲ၍ ဖူးမြော်ကြည်ညိုလေ့လာနိုင်ကြမည်ဖြစ်သည်။

ဆက်လက်၍ ကျောက်စာရုံ စေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြသည့် ဘုရားဖူးလာပြည်သူများနှင့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် တေးသံရှင်များ၏ တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းကောင်းများ၊ လူကြီး၊ လူငယ်အကြိုက် ခေတ်ဟောင်းနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုအပြင် ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှုအဖြစ် မြန်မာနိုင်ငံသဘင်အစည်းအရုံး၏ စီစဉ်မှုဖြင့် ဇာတ်မင်းသား ဖိုးချစ်တို့အဖွဲ့နှင့်အတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်ဝန်ထမ်းများက ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေကြရာ လာရောက်အားပေးနားဆင်ကြည့်ရှုကြသည့် အနုသုခုမဝါသနာရှင်များဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

အရောင်းဆိုင်များစည်ကား

အလားတူ ဘုရားဖူးလာပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုးဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များအား ချစ်ခင်မြတ်နိုးစွာဖြင့် ဝယ်ယူအားပေးကြရာ ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းချခဲ့ရကြောင်း သိရသည်။

အထူးစည်ကားလျက်ရှိ

ထို့ပြင် ဘုရားဖူးလာကလေးငယ်များအတွက်လည်း ကလေးကစားကွင်း ထားရှိပေးထားရာ ကစားနည်းများအလိုက် စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ကစားနေကြသည့် ကလေးငယ်များဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေး

တန်ဆောင်တိုင် မီးထွန်းပွဲတော်လာပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး ပွဲတော်ကို ဆင်နွှဲနိုင် ရေးအတွက်လည်း တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ဘုရားပရိဝုဏ်အတွင်း စနစ်တကျ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင် ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၅ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တွင်လည်း စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်ည၏ ရသကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်