မန္တလေး နိုဝင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်တွင် ယနေ့မှစ၍ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးတိုက်ကျွေးနေသည့် တစ်ချိန်တည်းမှာပင် ဝမ်းပျက်ဝမ်းလျှောကာကွယ် ထိန်းချုပ်ရေး အခြားလုပ်ငန်းများကိုလည်း တစ်ပြိုင်နက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် တိုက်ကျွေးရန် လိုအပ်သူတိုင်းကို တိုက်ကျွေးနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine - OCV) တိုက်ကျွေးပေးရသည့် ရည်ရွယ်ချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် ရည်မှန်းချက်အုပ်စုများအား ကာကွယ်ဆေးတိုက်ကျွေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်