Skip to main content

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များလှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံတစ်ဝန်းရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များတွင်ထားရှိပြီး အများပြည်သူဖတ်ရှုလေ့လာနိုင်ရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းသို့ စာအုပ်များလှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

နှုတ်ခွန်းဆက်စကားပြောကြား

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ယခုကဲ့သို့ စာအုပ်များလှူဒါန်းခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များအတွက် ဖောင်ဒေးရှင်းရန်ပုံငွေမှ စာအုပ်များဝယ်ယူထောက်ပံ့ခြင်း၊ ယခုကဲ့သို့ အလှူခံရရှိသည့် စာအုပ်စာစောင်များကိုလည်း ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များအတွက် အဓိကလိုအပ်ချက်သည် စာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များများထောက်ပံ့နိုင်ရန် အလှူရှင်များတိုးပွားရေးအတွက် စည်းရုံးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ပေးအပ်လှူဒါန်း

ထို့နောက် သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က စာအုပ်များလှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်များပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့လှူဒါန်းသော စာအုပ်များမှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တတိယသက်တမ်း လှုပ်ရှားမှုပုံရိပ်များ (၂) စာအုပ် ၃၅၀၊ သတင်းမီဒီယာပုံနှိပ်မှတ်တမ်းစုံစာတမ်းများ စာအုပ် ၁၅၀၊ သူတို့ပြောသည့် မြန်မာသတင်းမီဒီယာ သမိုင်းစာအုပ် ၅၀၀ စုစုပေါင်း ၁၀၀၀၊ တန်ဖိုး ငွေကျပ် ၇၄၀၀၀၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်