နေပြည်တော် နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) ၌ ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၁) အပိုင်း(၃) (Diploma in IPSAS ၊ Batch-I၊ Level-III) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက နိုင်ငံပိုင်ကဏ္ဍစာရင်းထားနည်းစနစ်ကောင်းမွန်မှုသည် ခိုင်မာအားကောင်းသည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်တစ်ရပ် ဖြစ်ပေါ်စေရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းများတွင် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများကို သိရှိနားလည်သည့် လူ့အရင်းအမြစ်များ လိုအပ်ပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းသားများအနေဖြင့် မိမိတို့လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများကို လုပ်ငန်းခွင်တွင် ထိရောက်ကောင်းမွန်စွာ လက်တွေ့ပြန်လည်အသုံးချကြရန်၊ မိမိသိရှိထားသည့် အသိပညာဗဟုသုတများကိုလည်း ပြန်လည်မျှဝေပေးခြင်း၊ ကိုယ်တိုင်စဉ်ဆက်မပြတ် ဆက်လက်လေ့လာခြင်းတို့ဖြင့် ဝန်ထမ်းတစ်ဦး၏ ကိုယ်ပိုင်အရည်အချင်းများ ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ပေးအပ်ချီးမြှင့်သွားမည်
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၁၅ ဦး၊ ဝန်ကြီးဌာနများမှ သင်တန်းသား ၃၆ ဦး စုစုပေါင်းသင်တန်းသား ၅၁ ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး အပိုင်း(၃)အထိ အောင်မြင်ပြီးမြောက်သူများကို ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်