နေပြည်တော် နိုဝင်ဘာ ၁၂
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ မိတ်ဆုံစားပွဲကို ယနေ့မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
မိတ်ဆုံစားပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများမိတ်ဆုံစားပွဲကို ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးရသော ကဏ္ဍတစ်ခုဖြစ်သောကြောင့် ဝန်ထမ်းများအနေဖြင့် ခေတ်ကာလနှင့် လိုက်လျောညီထွေရှိသော နည်းပညာများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဘာသာရပ်များကို ကြိုးစားလေ့လာကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အချင်းပြည့်ဝပြီး ဝန်ကြီးဌာနနှင့် နိုင်ငံအကျိုးသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရန်နှင့် တာဝန်များကို ကျေပွန်စွာ ကြိုးစားထမ်းဆောင်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရုံးလုပ်ငန်းများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲ၌ ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လွှတ်တင်ပူဇော်မည့် စိန်နားပန်မီးပုံးပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး စိန်နားပန်မီးပုံးပြုလုပ်နေကြသည့် မီးပုံးပျံပညာရှင်နှင့် အဖွဲ့ဝင်များကို နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်