Skip to main content

ကြက်ခြေနီအသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့် တက်ရောက်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Cooperation Coordinator Ms. Bonny Foo တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၊ အခြေခံမူများ၊ အကောင်းဆုံး လှုပ်ရှားမှုစံနမူနာများနှင့် သက်ဆိုင်သည့် ဗဟုသုတများကို နားလည်လက်ခံလေးစားလိုက်နာစေရန်သာမက ပြန်လည်ဆင့်ပွားပေးနိုင်ရန်နှင့် လုပ်ငန်းများတွင် ပိုမိုတက်ကြွစွာနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

ထို့အတူ ကြက်ခြေနီလှုပ်ရှားမှု၏ လူမှုကရုဏာလုပ်ငန်းများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်စေရန်နှင့် ကြက်ခြေနီလှုပ်ရှားမှုများတွင် ပိုမိုပါဝင်ဆောင်ရွက်လာစေရန်၊ ပြည်တွင်း/ ပြည်ပရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူများအတွက် လူမှုကရုဏာအကူအညီပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အမျိုးသားကြက်ခြေနီအသင်းဖြစ်လာစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

သတင်းစဉ်