Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ငြိမ်းချမ်းရေးတက္ကသိုလ်တို့ပူးပေါင်း၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာ သင်တန်းဖွင့်

နေပြည်တော် နိုဝင်ဘာ ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ငြိမ်းချမ်းရေးတက္ကသိုလ် (University for Peace-UPEACE) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာသင်တန်း (Training on Peaceful Coexistence and Cultural Diversity) ကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် အရာထမ်း ၃၀ တက်ရောက်ကြသည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းနှင့် ပဋိပက္ခများ ဖျန်ဖြေခြင်း၊ နိုင်ငံစုံသံတမန်ဆက်ဆံရေးနှင့် နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်အရေး စသည့် ဘာသာရပ်များတွင် အသိပညာတိုးတက်စေရန်ဖြစ်သည်။

UPEACE ကို ငြိမ်းချမ်းရေး၊ ပဋိပက္ခဆိုင်ရာဆုံးဖြတ်ချက်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အဆင့်မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ၁၉၈၀ ပြည့်နှစ်တွင် ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာတက္ကသိုလ်တစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ UPEACE ၏ ရုံးချုပ်သည် ကော်စတာရီကာနိုင်ငံ၌ရှိပြီး ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်