နေပြည်တော် နိုဝင်ဘာ ၁၂
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ သာစည် - မန္တလေး ခရီးစဉ်အမှတ်(သ-၃၀၁) အဆန်နှင့် မန္တလေး - သာစည်ခရီးစဉ် အမှတ်(သ-၃၀၂) အစုန် RBE လူစီးရထားများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အမှတ် (သ-၃၀၁) အဆန် သာစည် - မန္တလေး RBE ရထားသည် သာစည်ဘူတာမှ နံနက် ၅ နာရီခွဲတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နံနက် ၉ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် အမှတ်(သ- ၃၀၂)အစုန် မန္တလေး - သာစည် RBE ရထားသည် မန္တလေးဘူတာမှ ညနေ ၃ နာရီတွင် ပြန်လည်ထွက်ခွာ၍ သာစည်ဘူတာသို့ ည ၇ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လမ်းခရီးတွင် ဘူတာစဉ်ရပ်တန့်ပေးသွားမည်ဖြစ်ပြီး အဆိုပါ RBE ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၁၀၀ စီးနင်းလိုက်ပါနိုင်ကာ ခရီးသွားလက်မှတ်ခအား ခရီးစဉ်အစမှ အဆုံးထိ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါစီးနင်းပါက ငွေကျပ် ၂၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် လက်ရှိပြေးဆွဲပေးလျက်ရှိသော ရထားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှု များပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊ ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းအစီအစဉ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခရီးသွားမိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်