Skip to main content

အားကစားစိတ်ဓာတ် အားကစားယဉ်ကျေးမှု မြင့်မားစွာမြှင့်တင်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရန် ရက်သတ္တပတ်အနည်းငယ်မျှသာ လိုတော့သည်ဖြစ်ရာ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ၏ လေ့ကျင့်ပြင်ဆင်မှုများလည်း ခရီးအတန်ပင် ပေါက်ရောက်နေကြမည်ဖြစ်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၊ ဝန်ကြီးဌာနများမှ အားကစားနည်းအလိုက် အကောင်းဆုံးအားကစားသမားများဖြင့် ပွဲဝင်လာကြမည်ဖြစ်ရာ ၎င်းတို့၏ ကျွမ်းကျင်မှု၊ ခွန်အား၊ သက်လုံ၊ နည်းစနစ်နှင့် စိတ်ဓာတ်တို့ကို မှတ်ကျောက်တင်ခံနိုင်သည်အထိ ပြင်ဆင်လာခဲ့ကြရန်လိုသည်။ ထို့အပြင် နိုင်ငံတော်အဆင့်ကျင်းပသည့် အားကစားပွဲတော်ကြီး၏ ဂုဏ်ပုဒ်နှင့်အညီ အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုကိုပါ မြင့်မြင့်မားမားမြှင့်တင်သွားကြရန်လည်း ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်သည်။

အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်းသည် အဓိကဟုဆိုသော်လည်း အမြင့်ဆုံးသော အောင်မြင်မှုကိုသာ အလိုရှိကြသည့်အလျောက် တစ်ခါတစ်ရံပြိုင်ဆိုင်မှုများ ပြင်းထန်ရာမှ အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုတို့ ပျောက်ဆုံးပြီး မလိုလားအပ်သည့် ဖြစ်စဉ်များ၊ မြင်ကွင်းများ ပေါ်ထွက်လာလေ့ရှိသည်။ အားကစားပြိုင်ပွဲတို့၏ သဘာဝအရ အတွန်းအတိုက်၊ အထိအခိုက်၊ အငြင်းအခုံတို့မှာ သာမန်အားဖြင့် ရှိကြစမြဲဖြစ်သော်လည်း အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုတို့ မြင့်မားသည်နှင့်အမျှ အားကစားပြိုင်ပွဲများမှာလည်း ဂုဏ်သိက္ခာမြင့်ရစမြဲဖြစ်သည်။ အားကစားသမားတိုင်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၊ ရိုင်းပြသည့်အပြုအမူ၊ အပြောအဆိုများကို ရှောင်ကြဉ်စောင့်ထိန်းခြင်း၊ မလျှော့သော ဇွဲ၊ လုံ့လ၊ သတ္တိတို့ဖြင့် အနိုင်မခံအရှုံးမပေးယှဉ်ပြိုင်ခြင်း၊ မိမိအနိုင်ရပါက ရှုံးနိမ့်သူကို အားပေးခြင်း၊ မိမိရှုံးပါကလည်း ရှုံးနိမ့်မှုကို လက်ခံ၍ အနိုင်ရသူအတွက် အားပေးခြင်း၊ ပြိုင်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဘေးဒုက္ခတစ်စုံတစ်ရာဖြစ်သည်ကို တွေ့ကြုံပါက ကိုယ်ကျိုးစွန့်၍ ကူညီခြင်း စသည့်အားကစားယဉ်ကျေးမှု မြင့်မားသည့် မြင်ကွင်းများကို အားကစားမီဒီယာများတွင် မိမိတို့ မကြာခဏတွေ့မြင်ဖူးကြရာ အတုယူဖွယ်များပင်ဖြစ်သည်။ ယင်းသို့သော အားကစားသမားများမှာ ဂုဏ်သိက္ခာမြင့်မားသည့် အားကစားသမားများ၊ လူအများ၏ လေးစားမှုအဖြစ် ဂုဏ်ပြုချီးကျူးမှုကို ရရှိကြသည်။

အားကစားယဉ်ကျေးမှုသည် ပရိသတ်များနှင့်လည်း သက်ဆိုင်ပြီး အချို့အားကစားပရိသတ်များမှာ နာမည်ဆိုးဖြင့် ကျော်ကြားခြင်းကြောင့် ကဲ့ရဲ့ရှုတ်ချမှုကို ခံကြရသလို မိမိတို့ကြောင့် မိမိအားပေးသည့် အားကစားအသင်းပါ ထိခိုက်ကြရသည်ကို နိုင်ငံတကာအားကစားသတင်းများတွင် တွေ့ရတတ်သည်။ အားကစားအသင်း ဒဏ်ရိုက်ခံရခြင်း၊ ပွဲပယ်ပြစ်ဒဏ်ပေးခံရခြင်း၊ ပရိသတ်မပါဘဲ ကစားရခြင်း စသည်ဖြင့် ပရိသတ်ဆိုးကြောင့် အသင်း၏ ပုံရိပ်ဆိုးရသည်မှာ သတိထားစရာပင်ဖြစ်သည်။ အားကစားပြိုင်ပွဲများတွင် အနိုင်ရလိုဇောဖြင့် အပြင်းအထန်ငြင်းခုံခြင်း၊ ကန့်ကွက်ခြင်း၊ တွန်းထိုးခြင်းမှစကာ ကွင်းအတွင်းအပြင် ပရိသတ်များအထိ ကူးစက်ပြီး ခိုက်ရန်ဖြစ်ပွားကြသည့် ဖြစ်ရပ်မျိုးသည် အားကစားပြိုင်ပွဲ၏ပုံရိပ်ကို ထိခိုက်စေသလို အားကစားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေသည်။ ပရိသတ်ကြောင့် နိုင်ငံနှင့် လူမျိုးကိုပါ ကမ္ဘာကချီးကျူးအသိအမှတ်ပြုကြရသည်မှာ ဂျပန်ဘောလုံးပရိသတ်ပင်ဖြစ်သည်။ ဂျပန်ဘောလုံးအသင်းယှဉ်ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲများတွင် အားပေးကြသည့် ဂျပန်ပရိသတ်များက အမှိုက်အိတ်များကိုပါ ဆောင်ယူလာကြပြီး ဘောလုံးပွဲကျင်းပပြီးချိန်တွင် ၎င်းတို့ ကြည့်ရှုအားပေးခဲ့သည့် ကွင်းထဲမှ အမှိုက်များကို ရှင်းလင်းသိမ်းဆည်းပေးသွားကြခြင်းကြောင့် စည်းကမ်းရှိသည့် လူမျိုးအဖြစ် နိုင်ငံတကာက လေးစားကြခြင်းဖြစ်သည်။

မကြာမီကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ကြီးတွင် အားကစားသမားတိုင်း၊ အသင်းတိုင်းက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဖြင့် ရေကုန်ရေခန်း အစွမ်းကုန်ယှဉ်ပြိုင်ကြမည်ဟု ယုံကြည်သည်။ အားကစားပြိုင်ပွဲတိုင်းသည် ကစားခုန်စားအားကစားနည်းအလိုက် ခွန်အား၊ သက်လုံ၊ ကျွမ်းကျင်မှု၊ နည်းစနစ်တို့ဖြင့် သက်ဝင်လှုပ်ရှားကြရပြီး အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုတို့ဖြင့် ဂုဏ်သိက္ခာမြင့်မားစေရသည်။ သို့ဖြစ်ရာ လာမည့်အားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားတိုင်းသည်လည်းကောင်း၊ ကြည့်ရှုအားပေးကြမည့် ပရိသတ်တိုင်းသည်လည်းကောင်း အားကစားစိတ်ဓာတ်၊ အားကစားယဉ်ကျေးမှုကို မြင့်မားစွာစိုက်ထူ၍ အမျိုးသားအားကစားပွဲတော်ကြီး၏ ဂုဏ်ပုဒ်ကို ဝိုင်းဝန်းပါဝင်မြှင့်တင်ကြရပါမည့်အကြောင်း။     ။