နေပြည်တော် နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၂၆ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၅၀၀ ခန့်အား မီးရှို့၍ ဒေသခံပြည်သူများအား ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတာဝန်ရှိသူတစ်ဦးနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ အကြမ်းဖက်သောင်းကျန်းသူများသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် ရပ်ကွက်/ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အေးချမ်းစွာ လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းများမရှိကြောင်းနှင့် ရပ်ကွက်/ကျေးရွာများအား မီးရှို့ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သိရှိရသည်။
ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။