Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောင်းကုန်းမြို့နယ် မီးသွေးတိုက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကညင်သုံးဆင့် အခြေခံပညာအထက်တန်းကျောင်း၊ ညောင်တုန်းမြို့နယ် ပေစိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ နတ်ပေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ညောင်တုန်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ သင်ကြားရေးဆိုင်ရာများနှင့် စီမံမှုဆိုင်ရာများ၊ စာကြည့်တိုက်၊ သိပ္ပံလက်တွေ့ခန်းများ၊ အရည်အသွေးတိုးတက်ကောင်းမွန်စေရေး မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဆရာဆရာမများနှင့်တွေ့ဆုံ၍ တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ကျောင်းအလိုက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားစေရေးအတွက် ဝိုင်းဝန်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားစရိုက်လက္ခဏာများထိန်းသိမ်းရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် ပြုစုပျိုးထောင် လေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်းမှာကြားကာ ဆရာ ဆရာမများ၏ တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်