Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်မောင်၊ ခွန်စံလွင် သံလွင်မြစ်အတွင်း ငါးမျိုး စိုက်ထည့်၊ တောင်သူများထံ မြေဩဇာများ ထောက်ပံ့

နေပြည်တော် နိုဝင်ဘာ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ် တရုတ်လှကျေးရွာ တရုတ်လှလျှပ်စစ်မြစ်ရေတင်၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုး ငါးလုပ်ငန်းစခန်းတို့မှ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၁၃ သိန်းကို ထုတ်လုပ်ပြီး ၅ ဒသမ ၂ သိန်းကို သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်သွားရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းကို ငါးမျိုး စိုက်ထည့်ပေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် ငါးသားပေါက်ကောင်ရေ တစ်သိန်းကို ငါးမျိုးစိုက်ထည့်မည်ဖြစ်သည့်အတွက် ယခုနှစ် လျာထားချက်အပေါ် ရာနှုန်းပြည့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့သည် လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ငါးမြစ်ချင်းကောင်ရေ ငါးသောင်း၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း စုစုပေါင်းကောင်ရေ တစ်သိန်းကို သံလွင်မြစ်အတွင်း ငါးမျိုးထည့်ပေးခဲ့ကြပြီး တရုတ်လှလျှပ်စစ်မြစ်ရေတင်လုပ်ငန်း 37 KW Motor (၄) စုံဖြင့် သံလွင်မြစ်မှ ရေကိုစုပ်တင်၍ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဘားအံမြို့နယ် နောင်ခရိုင်ကျေးရွာ၌ ကျင်းပသည့် မိုးစပါးစိုက်ခင်းများအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ် စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး နောင်ခရိုင်၊ ထောင်ဝိ၊ ကော့လှိုက်၊ ကော့သင်းရှူး၊ ရဲသာ (ကမော့ ကစင်)၊ ကော့ထမလိန်း၊ တော်ပုံ၊ လှိုင်ကမ္ဘာကျေးရွာများမှ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများကို ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စုစုပေါင်းအိတ် ၃၀၀ ကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများ၏ မိုးစပါးစိုက်ခင်းများအတွင်း သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာများ အချိုးကျရောစပ် စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကြကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အလားတူ နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဘားအံမြို့ ကရင်ကျောင်းသားများရိပ်သာရှေ့ရှိ ဘောလုံးကွင်း၌ (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှက်ဝှေ့ပြိုင်ပွဲ စာချုပ်စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်နေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာချုပ်စိန်ခေါ်ပွဲခေါင်ပွဲစဉ်အဖြစ် ရန်နိုင်ထွန်း (ဇွဲကပင်မြေ) နှင့် အောင်ခိုင် (ဘိလပ်မြေစက်ရုံ) တို့၏ သရေရလဒ်ထွက်ပေါ်မှုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ စီ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ဘားအံမြို့ သီရိကွင်း၌ (၆၉) နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ တတိယညအနေဖြင့် ဒုံးအဖွဲ့ကိုးဖွဲ့တို့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဒုံးအဖွဲ့များအတွက် ငွေကျပ် ၁၀ သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ငွေကျပ် ၁၀ သိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ငွေကျပ် ၁၀ သိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ငွေကျပ် ကိုးသိန်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်