Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ ရောက်ရှိ၊ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား သွားရောက်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ချုံချင့်မြို့သို့ ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ၊ အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr. Yang Yalin နှင့် တာဝန်ရှိသူများ၊ တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များက နှစ်နိုင်ငံအလံများ ဝှေ့ယမ်း၍ ရိုးရာယဉ်ကျေးမှုအကအလှများ ကပြကာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ညပိုင်းတွင် ချုံချင့်မြို့၊ ကျန်းပေအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိသူများက ပန်းစည်းကမ်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များ လိုက်ပါ၍ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စစ်ဝန်ချုပ်ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံရာ ကောင်စစ်ဝန်ချုပ်က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားနယ်ပယ်ပေါင်းစုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံးတွင် နိုင်ငံ့တာဝန်ထမ်းဆောင်နေသူများအနေဖြင့် သံတမန်ရေးရာဆိုင်ရာ ဆက်ဆံရေးသာမက အခြားကဏ္ဍများ၌လည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ကြရန်လိုကြောင်း၊ နှစ်နိုင်ငံအကြား အကျိုးတူစီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေးကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအုတ်မြစ်သည် လူသားအရင်းအမြစ်များ အများအပြား မွေးထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည့်အတွက် ပညာရေးမြှင့်တင်မှုအခန်းကဏ္ဍအတွက်လည်း သံတမန်ဝန်ထမ်းများအနေဖြင့် ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ တာဝန်များကို ထမ်းဆောင်ရာတွင် မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်းတို့ဖြင့် မိမိတို့နိုင်ငံ၏ဂုဏ်ကိုလည်း မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ - တရုတ် ချစ်ကြည်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အဓိကအထောက်အကူပြုသည့်နေရာတစ်ခုအဖြစ် ရောက်ရှိအောင် ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပါစေကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် လက်ဆောင်ပစ္စည်းများနှင့် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ရာ ကောင်စစ်ဝန်ချုပ်နှင့် ပညာတော်သင် သင်တန်းသားတို့က လက်ခံရယူခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးပေးပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။