နေပြည်တော် စက်တင်ဘာ ၂၁
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား များအား မြန်မာသံရုံး၊ ရီယာဒ်မြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၂ ၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြပါသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကာတာမှ (၂) ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ (၂၂) ဦး၊ အင်္ဂလန်မှ (၄၈) ဦး၊ ဘူတန်မှ (၂) ဦး၊ ချက်သမ္မတနိုင်ငံမှ (၂) ဦး၊ ကာတာနှင့် အာရပ် စော်ဘွားများ ပြည်ထောင်စုမှ မြန်မာသင်္ဘောသား (၅၀) ဦး၊ မြန်မာနိုင်ငံ သား စုစုပေါင်း (၁၂၆) ဦး လိုက်ပါခဲ့ကြပါသည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
၃။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ အထိ အာရပ်စော်ဘွားများပြည်ထောင်စုမှ ကယ်ဆယ်ရေး လေယာဉ် (၉) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီး ဖြစ်သည်။
#Ministry_of_Foreign_Affairs_Myanmar