Skip to main content

အင်းစိန်နှင့်တောင်ဒဂုံတွင် ပြည်သူ့စစ်မှုထမ်းအတွက် လူငယ်များကို ဖမ်းဆီးမှုများနှင့် ခြိမ်းခြောက်ငွေတောင်းမှုများ ဖြစ်လာပြန်ဟုမဟုတ်မမှန် သတင်းအမှားများရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူငယ်များကို တပ်မတော်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဖမ်းဆီးခြင်းများနှင့် ငွေကြေးခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာက သတင်းအတု သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ထိုသို့စစ်မှုထမ်းရန်အကျပ်ကိုင်ခြင်းမျိုးမရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရာတွင် ပြည်သူ့စစ်မှုထမ်းခေါ်ယူရေး ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်း လက်တွေ့မြေပြင်တွင် အဆင့်ဆင့်စစ်ဆေးပြီးမှ ခေါ်ယူလျက်ရှိကြောင်း၊ အကြမ်းဖက်သမားများကသာ လူသစ်စုဆောင်းခြင်းကို အသက်အရွယ်အကန့်အသတ်မရှိ အတင်းအဓမ္မစုဆောင်းလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများက အေးချမ်းစွာနေထိုင်လှုပ်ရှားသွားလာနေသော လူငယ်လူရွယ်များကို လမ်းမှားရောက်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ လုပ်ကြံဖန်တီးရေးသားခြင်းသာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။