Skip to main content

နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၇

နေပြည်တော်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ စာရေရိက္ခာဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးတို့ကို အလေးထားဆောင်ရွက် ကြစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၌တွေ့ဆုံပြီး တိုက်တွန်းပြောကြားသည်။

ထို့ပြင် ဒေသအလိုက် ထုတ်လုပ်မှုကဏ္ဍများတိုးတက်အောင် ဆောင်ရွက်သွားရန်၊ စားသုံးကုန်ပစ္စည်းများကို ဒေသတွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရန်၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများအမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးလိုအပ်သည့် ကုစားမှုများလုပ်ဆောင်ကြရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံး KG+9 အထိ မဖြစ်မနေကျောင်းတက်ရောက်ပညာသင်ကြားနိုင်ရေးနှင့် အမှန်တကယ် စာတတ်မြောက်အောင်သင်ကြားပေးရန်၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေးနှင့် သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းများမှန်မှန်ကန်ကန်ရရှိစေရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်