Skip to main content

အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်ပြီး ခေတ်မီအထည်အလိပ်များထုတ်လုပ်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံကို နေရာတစ်နေရာသို့ အရောက်ပို့ပေးနိုင်မည်

နေပြည်တော် အောက်တိုဘာ ၇

အောက်တိုဘာ ၇ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဝါသီးနှံနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဘီနင်နိုင်ငံ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။

ထို့နောက် ကမ္ဘာ့ဝါသီးနှံနေ့ အထိမ်းအမှတ်အခမ်းအနားကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးဌာနမှူးများ၊ ဝါထုတ်လုပ်သူများအသင်း၊ ဝါလုပ်ငန်းရှင်များ၊ ဝါကြိတ်စက်လုပ်ငန်းရှင်များ၊ ရက်ကန်း လုပ်ငန်းရှင်များ၊ အထည်ချုပ်လုပ်ငန်းရှင်များက Virtual စနစ် ဖြင့် သတ်မှတ်နေရာအသီးသီးမှ ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝါဖြစ်ထွန်းအောင်မြင်သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး (အနောက်ပိုင်း) တိုင်းဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ်သတ်မှတ်ပြီး ဝါစိုက်ပျိုးရေးဇုန် ၁၉ ခု ဖော်ဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်စဉ် ကမ္ဘာ့ဝါသီးနှံနေ့ကို ကျင်းပကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများ၌ ဝါကိုစိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းပေးခြင်း စသည့်အခန်းကဏ္ဍတို့တွင် အခွင့်အလမ်းများစွာရှိကြောင်း။

ဝါသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သီးနှံဖြစ်ကြောင်း၊ အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို စိုက်ပျိုးထုတ်လုပ်ပြီး ခေတ်မီအထည်အလိပ်များ ထုတ်လုပ်ခြင်း၊ ဝါတန်ဖိုးမြှင့် ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်လုံး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ဝါကဏ္ဍတွင် မြန်မာနိုင်ငံကို နေရာတစ်နေရာသို့ အရောက်ပို့ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်က သွင်းကုန်အားကိုးမှုကိုလျှော့ချရန်နှင့် ပြည်တွင်းအထည်အလိပ်လုပ်ငန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်ရည်ရွယ်၍ ဝါအထွက်နှုန်းနှင့် အရည်အသွေးမြှင့်တင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကမ္ဘာ့ဝါနေ့အထိမ်းအမှတ် Video Clip ပြသပြီး တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဝါနှင့်ပတ်သက်သည့်လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဝါနှင့်ပတ်သက်သည့် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ဝါစိုက်ပျိုးထုတ်လုပ်နေမှုနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ဈေးကွက်ရရှိရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်