Skip to main content

ရေကြီးရေလျှံမှုများကြောင့် ရန်ကုန် - မန္တလေးလမ်းပိုင်းအတွင်းရှိ ရထားလမ်းနှင့်တံတားများ ထိခိုက်ပျက်စီးမှုများကို ပြန်လည်မွမ်းမံပြင်ဆင်ပြီးဖြစ်၍ လူစီးရထားများ ပြန်လည်ပြေးဆွဲ

နေပြည်တော် အောက်တိုဘာ ၃

တိုင်ဖွန်းမုန်တိုင်း “ရာဂီ”၏ အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန် - မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်းတာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရန်ကုန် - မန္တလေး ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျစီမံကြီးကြပ် ဆောင်ရွက်ခဲ့မှုကြောင့် စက်တင်ဘာ ၂၁ ရက်မှစ၍ ရန်ကုန် - မန္တလေးလမ်းပိုင်း၌ ရန်ကုန် - သာစည်၊ သာစည် - ရန်ကုန်ခရီး စဉ်အဖြစ် အမှတ် (၁၁) အဆန်/(၁၂) အစုန်လူစီးအမြန်ရထားကို စတင်ပြေးဆွဲပေးနိုင်ခဲ့သည်။

ရေတိုက်စားမှုကြောင့်ပျက်စီးသွားသည့် ဝမ်းတွင်းမြို့နယ် သဲတောနှင့် သပြေတောင်းအကြား ရထားလမ်းပိုင်းနှင့် မိုင်တိုင် (၃၃၃/၁) ရှိ အဆန်လမ်းတံတား အမှတ် (၆၉၁) ၏ ကမ်းကပ်ခုံ ရေတိုက်စားခံရခြင်း၊ အစုန်လမ်းတံတားအမှတ် (၆၉၁) ၏ ပေ ၄၀ သံပေါင်လေးခု ရေထဲပြုတ်ကျခြင်း၊ အဆန်လမ်း / အစုန်လမ်း ရထားလမ်းတာပေါင်ရေတိုက်စားခံရခြင်းများတွင် အဆန်လမ်း တံတားအမှတ် (၆၉၁) ကို ယာယီတံတားဘေလီသံပေါင်နှင့် Steel Girder များ ထည့်သွင်းခြင်း၊ ရေတိုက်စားတာပေါင်များကို သံလမ်းဖြုတ်သိမ်း၍ သဲအိတ်စီထပ်ခြင်း၊ (၆ x ၉) လက်မ ကျောက်ကြီးများထည့်သွင်းခြင်း၊ မြေဖို့ခြင်းများဆောင်ရွက်ပြီးနောက် သံလမ်းပြန်လည်ခင်းခြင်း၊ ရေတိုက်စားနေရာများတွင် သစ်သားဖားထပ်ခွေယာယီဆောင်ရွက်ခြင်း စသည့်အကြီးစားပြင်ဆင်မွမ်းမံမှုများကို ဆောင်ရွက်ခဲ့ရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စက်တင်ဘာ ၂၉ ရက်တွင် လာရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန် မှာကြားခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်း ပြုပြင်ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်တိုဘာ ၂ ရက် ည ၇ နာရီ ၂၆ မိနစ်တွင် သဲတော - သပြေတောင်းအကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ရန်ကုန် - မန္တလေး အမှတ် (၁၁) အဆန်နှင့် မန္တလေး - ရန်ကုန် အမှတ် (၁၂) အစုန်လူစီး အမြန်ရထားများ၊ ရန်ကုန် - မန္တလေး အမှတ် (၁) အဆန်၊ မန္တလေး - ရန်ကုန် အမှတ် (၂) အစုန် စာပို့ရထားခရီးစဉ်များကို ယနေ့မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ကုန်ရထားများကိုလည်း အောက်တိုဘာ ၄ ရက်မှစတင်၍ ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရထားလမ်း၊ တံတားများ ထိခိုက်ပျက်စီးသွားမှုကြောင့် ယာယီရပ်နားခဲ့ရသည့် ရန်ကုန်-မန္တလေး ခရီးစဉ်အမှတ် (၁၁) အဆန်/(၁၂) အစုန် လူစီး အမြန်ရထားနှင့် အမှတ် (၁) အဆန်/(၂) အစုန်စာပို့ရထားတို့ကို မူလပြေးဆွဲချိန်များအတိုင်း ဆက်လက်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်